အညတရ သူရဲကောင်းဆုရှင် ၅ ဦးတွင် ချင်းအမျိုးသားတစ်ဦးပါဝင်

ဂျပန်နိုင်ငံရောက် မြန်မာများ ဖွဲ့စည်းထားသော အညတရ သူရဲကောင်းဆု ကော်မတီက တတိယကြိမ်အဖြစ် ရွေးချယ် လိုက်သည့် အညတရ သူရဲကောင်း ဆုရှင် ၅ ဦးတွင် ချင်းအမျိုးသား ကိုအင်ထော်နီ လည်းပါဝင်ကြောင်းသိရသည်။

တိုင်းပြည် နှင့် လူမျိုးအကျိုးအတွက် လူမသိ သူမသိ ကိုယ်ကျိုးစွန့်အနစ် နာခံခဲ့ကြသူများကို ဂျပန်နိုင်ငံအခြေစိုက် အညတရ သူရဲကောင်းဆု ကော်မတီက ဖော်ထုတ်ရွေးချယ်လေ့ရှိပြီး တတိယအကြိမ်မြောက်အဖြစ် ဆရာတော် ဦးခေမာစာရ(ခ)ကိုချမ်းသာ၊ ကိုလက်ျာထွန်း၊ ကိုအင်ထော်နီ ကပ်ခန့်ကွလ် နှင့် မလှလှမော် တို့ကို ရွေးချယ် လိုက်ကြခြင်းဖြစ်သည်။

ဆုပေးပွဲအခမ်းအနားကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဇွန်လ ၁၉ ရက်တွင် ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရုံးတွင် ကျင်းပကြမည်ဖြစ်ပြီး ဆုရှင်တစ်ဦးအတွက် ကျပ်ငွေ ၁၀ သိန်း နှင့် ဆုတံဆိပ်တခုစီ ပေးအပ်သွားမည်ဟု နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ ( DVB) အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည။

တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ တိုက်ပွဲဝင်နေကြရသော်လည်း ထင်ပေါ် ကျော်ကြားမှုမရှိ သူများကို ရွေးချယ်ကာ အညတရ သူရဲကောင်းဆု ဂုဏ်ပြုချီးမြှင့်ရန်အတွက် ဂျပန် နိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်းကာ ၂၀၁၁ ခုနှစ် ဇွန်လက တိုကျိုမြို့တွင် အညတရ သူရဲကောင်းဆု ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယခုတခေါက် ရွေးချယ်လိုက်သော အညတရ သူရဲကောင်းဆုရှင်တွင် ပါဝင်သည့် ကိုအင်ထော်နီ ကပ်ခန့်ကွလ် သည် ၂၀၀၃ ခုနှစ်ကစပြီး ဇိုမီးအမျိုးသားကွန်ကရက်ပါတီ ( ZNC) ၏ ပါတီဝင်တစ်ဦးအနေဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွင် ပါဝင်လာခဲ့သည်။

၂၀၀၇ ခုနှစ် သမိုင်းဝင် ရွှေဝါရောင် တော်လှန်ရေးကာလတွင် ရဟန်းသံဃာ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ကဗျာဆရာ အဖွဲ့၊ စာရေးဆရာအဖွဲ့ များနှင့်အတူတကွ ပူးပေါင်းပါဝင်ခဲ့ရာမှ ယခင်စစ်အစိုးရက ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၈ နှစ်ပြစ် ဒဏ်ချမှတ်ခံခဲ့ရသည်။

ထို့နောက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပုသိမ်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

ကိုအင်ထော်နီ၏ အဘွေးဖြစ်သူ ပူးကိုင်တွသည် ဗြိတိသျှတပ်များက မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီး ချင်းတောင်တန်းဒေသကို နယ်ချဲ့ရန် ရောက်လာသည့်အချိန်တွင် ပြန်လည်ခုခံတော်လှန်ရာတွင် ခေါင်းဆောင်တဦး အဖြစ်ပါဝင်ခဲ့ပြီး ဗြိတိသျှတပ်များက ဖမ်းဆီးကာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရသည်။

ထို့အတူ အဖေဖြစ်သူ ပူးဆွင့်ဒိုးနန်သည်လည်း ယခင်တော်လှန်ရေးကောင်စီခေတ်တွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဗိုလ် နေ၀င်းအစိုးရက ဖမ်းဆီးပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်ဟုသိရသည်။

No Comments to “အညတရ သူရဲကောင်းဆုရှင် ၅ ဦးတွင် ချင်းအမျိုးသားတစ်ဦးပါဝင်”

Comments are closed.

%d bloggers like this: