၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ၀န်ကြီးများ တက်ရောက်

0

ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ချင်းပြည်နယ် အစိုးရနှင့် CNF တို့ ကမကထပြုကျင်းပသည့်  ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ချင်းအမျိုး သားနေ့အခမ်းအနားသို့ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းနှင့် ပြည်ထောင်စု ၀န်ကြီး များ တက်ရောက် ကြောင်း သတင်းရရှိသည်။

အခမ်းအနားသို့ ချင်းအမျိုးသား တပ်ဦးမှ အဓိပတိကောင်စီ အဖွဲ့ဝင် ဒေါက်တာလျန်မှုန်း ဆာခေါင်း၊ ဒေါက်တာရွှေခါးနှင့် အတူ တခြားခေါင်းဆောင်များ၊ လူထု တသောင်းကျော် တက်ရောက်ခဲ့ကြသည်။

“ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်တုန်းက မင်းတပ်မြို့မှာ ပူး ၀မ္မသူးမောင်း ဦးဆောင်ပြီး ချင်းအမျိုးသားနေ့ ကျင်းပတုန်းက သမ္မတကြီး စပ်ရွှေသိုက် တက်ရောက်ခဲ့တယ်၊ အခု ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း တက်ရောက်ခဲ့တယ်၊ အဲဒါ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ညွန်းနေတာပါ” ဟု ဟားခါးမြို့မှ မြို့မိမြို့ဖ တဦးက ပြောသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာ ချင်းပြည်နယ်အဖြစ် ကျင်းပခဲ့သည့် ချင်းအမျိုးသားနေ့ကို ယခု အမျိုး သားနေ့အဖြစ် ပြန်လည်ကျင်းပခွင့်ရသည့်အနေ အထား မှာ ကျေနပ်မနေ ကြဘဲ ချင်းပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် ဆထက်တပိုးလုပ်ဆောင်သွားကြရမည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးဗန်ထောင်းက ပြော သည်။

“ကျနော်တို့ ဒီအနေအထားမှာ ရပ်တန့်မနေဘဲနဲ့ ချင်းလူမျိုး ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်လာဖို့တင်မက ပြည်ထောင်စု ကြီး တည်တံ့ခိုင်မြဲဖို့ ကျနော်တို့မှာ တာဝန်တွေအများကြီးရှိတယ်၊ ကျနော်တို့ ဆထက်တပိုး လုပ်ဆောင်သွားကြရ မှာဖြစ်တယ်’’ ဟု ၀န်ကြီးကပြောသည်။

၁၉၄၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းပြည်နယ် ဖလမ်းမြို့တွင် ကျင်းပသော လူထုညီလာခံကြီးမှာ ရှေးယခင် ကတည်း က ကျင့်သုံးခဲ့ကြသည့် သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ကို လူထုကိုယ်စားလှယ် ၅ ထောင်ကျော်က ဖျက် သိမ်းပြီး ဒီမိုကရေစီ အုပ်ချူပ်မှုစနစ်ကို စတင်ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် ၁၉၅၀ အောက်တိုဘာလ ၉ ရက်နေ့တွင် ကျင်းပသော ချင်းရေးရာကောင်စီအစည်းအဝေးက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိုးသား နေ့အဖြစ် ကျင်း ပလာခဲ့ကြသည်။

သို့သော်လည်း ဗိုလ်ချူပ်နေ၀င်းဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်ပါတီ (မဆလ) အစိုးရက ၁၉၇၄ ခုနှစ် ချင်းဝိသေသ တိုင်းမှ ချင်းပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်သည့်နောက်ပိုင်းကစပြီး  ဖေဖော်ဝါ ရီ ၂၀ ရက်နေ့ကို ချင်းအမျိုး သားနေ့အဖြစ် ကျင်းပခွင့်မပြုတော့ဘဲ ချင်းပြည်နယ်နေ့အဖြစ်နှင့်သာ ကျင်းပခိုင်းခဲ့သည်။

ယခုအခါ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အစိုးရ နှင့် ချင်းအမျိုးသားတပ်ဦးအကြား ငြိမ်းချမ်းရေးရ ယူနိုင်ခဲ့ပြီး နှစ်ဘက်သဘောတူညီချက်ထဲတွင် ဖေဖော်ဝါရီလ ၂၀ ကို ချင်းအမျိုးသားနေ့အဖြစ် ပြန်လည်ကျင်းပ ရန် ထည့်သွင်းခဲ့ကြပြီးနောက် ယခုနှစ်ကစပြီး ချင်းအမျိုးသားနေ့အဖြစ် လွတ်လပ်စွာတရားဝင် ပြန်လည်ကျင်းပ နိုင်ခြင်း ဖြစ်သည်။

ဝမ္မသူးမောင်း အားကစားကွင်းတွင် ကျင်းပသော ချင်းအမျိုးသားနေ့တွင် မြို့နယ်အလိုက် ရိုးရာဝတ်စားဆင်ယင် မှု ပြိုင်ပွဲ၊ အလှမယ်ပြိုင်ပွဲ၊ ချင်းရိုးရာ နပမ်းပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ရိုးရာ ခေါင်ကြွယ် ပွဲများဖြင့် စည်စည် ကားကား ကျင်းပခဲ့ကြသည်။

၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် ၉ မြို့အပါအ၀င် ကလေးမြို့၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနှင့် ပြည်ပနိုင်ငံ နယူးဒေလီ၊ မလေးရှား၊ အမေရိကန် နှင့် သြစတေးလျား နိုင်ငံ အသီးသီးတွင်ကျင်းပခဲ့ကြ သည်။

Share.

About Author

Comments are closed.