၈၈ မျိုးဆက်ကျောင်းသားများ ချင်းပြည်နယ် သို့  ရောက်ရှိ

0

ချင်းပြည်နယ်တွင် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အ စည်းဖော်ဆောင်ရေးဟောပြောရန် ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုး ဆက်ကျောင်း သား အဖွဲ့ မနေ့က ချင်းပြည်နယ် တီးတိန်မြို့ကို ရောက်ရှိ ခဲ့ကြသည်။

၁၅ ဦးပါဝင်သော ၈၈ မျိုးဆက်ကျောင်း သားအဖွဲ့သည် မနေ့က တီးတိန်ဒေ သခံများ နှင့် ရာပြည့်ခန်းမ တွင် မွန်းလွဲပိုင်း ၃ နာရီခွဲ မှ ၅ နာရီ အထိ တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဆိုင်ရာ များ ဟောပြော ခဲ့ကြောင်း အဆိုပါဟောပြောပွဲကိုတက်ရောက်သူ တီးတိန်လူငယ်အသင်းဥက္ကဌ ကိုနူန်ရှန်း သွင် က ပြောသည်။

“ ဟုတ်ကဲ့ရောက်လာတယ်၊ ၃ နာရီ မှာရောက်တယ်၊ ရာပြည့်ခန်းမ မှာ ဟောပြောပွဲ လုပ်တယ်၊ အဓိကတော့ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး အဲဒါ အဓိကဘဲ’’ ဟုသူကပြောသည်။

တီးတိန်ဒေသခံများက ၈၈ မျိုးဆက်ကျောင်းသားများ ကျန်းမာပါစေ၊ ချမ်းသာပါစေ ဆိုသော စာတန်းများ ကိုင်ဆောင် ကာ ရိုးရာဝတ်စုံများ နှင့် တီးတိန်မြို့အ၀င်၌ ၈၈ မျိုးဆက်ကျောင်းသားများကို ကြိုဆိုခဲ့ကြ ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် တီးတိန်မြို့တွင် တညအနားယူခဲ့ကြပြီး ယနေ့ မတ်လ ၈ ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ရိခေါဒါရ်းမြို့ကို သွားရောက်ကြသည် ဟုသိရသည်။

ထို့နောက်  ဖလမ်း နှင့် ချင်းပြည်နယ် မြို့တော် ဟားခါးသို့  ခရီးဆက်ကြမည်ဖြစ်သည်။

ယခု ခရီးစဉ်သည် ၈၈ မျိုးဆက်ကျောင်းသားများ၏ ပထမဦးအကြိမ် ချင်းပြည်နယ် ခရီးစဉ်ဖြစ်ပြီး ၎င်းတို့သည် အဖွဲ့ ၂ ဖွဲ့ခွဲကာ စစ်ကိုင်းတိုင်း ကလေးမြို့သို့ မတ်လ ၆ ရက်နေ့က ရောက်ရှိလာကြပြီး ထိုမှတဆင့် ချင်းပြည် နယ်ကို ခရီးဆက် ခဲ့ကြခြင်းဖြစ်သည်။

ကလေးမြို့သို့ ရောက်ရှိနေကြစဉ်တွင်လည်း တောင်ဖီလာရပ်ကွက် ရာပြည့် နှစ်ခြင်းခန်းမတွင် ဒေသခံပြည်သူ များ နှင့် တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို ကိုမင်းကိုနိုင် နှင့် ကိုကိုကြီးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

တီးတိန်လူငယ်အသင်းဥက္ကဌ ကိုနူမ်ရှန်းသွင်က ချင်းတောင်ကို လာဖို့ နှစ်ပေါင်းအတော်ကြာ စောင့်မျှော်ခဲ့ရသော ၈၈ မျိုးဆက်ကျောင်းသားများ ယခုကဲ့သို့ ချင်းတောင်ကိုရောက်ရှိခဲ့ခြင်းကြောင့် မိမိအပါအ၀င် ဒေသခံပြည်သူများက ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်ဟုပြောသည်။

ယခုခရီးစဉ်တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ နှင့် အတူ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီ၊ စမ်းချောင်းကိုကိုကြီး၊ ကိုမျိုးသန့်၊ ကိုကိုလှိုင်၊ မမီးမီး၊ မမာမာဦး၊ မာယာ နှင့် တဉ္စာဦးတို့လည်းလိုက်ပါကြ ကြောင်းသိရသည်။

Share.

About Author

Comments are closed.