ချင်းပြည်နယ် မြို့ကြီးတချို့တွင် Health Care System လူထု တွေ့ဆုံဆွေးနွေးပွဲကျင်းပပြီးစီး

0

အိန္ဒိယ – မြန်မာနယ်စပ်အခြေစိုက် ချင်းကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ ( Chin Backpack Health Worker Team) မှ ကမကထပြုကျင်းပသည့် လူထု ကျန်းမာရေး စောင့်ရှောက်မှုစနစ် (Consultation on Health Care system) ဆိုင်ရာ လူထု တွေ့ဆုံဆွေးနွေးပွဲ အောင်မြင် စွာကျင်းပပြီးစီးကြောင်း သိရသည်။

၂၀၁၃ မေလ ၃ ရက်နေ့မှ ၂၀၁၃ မေလ ၂၅ ရက်နေ့အထိ ချင်းပြည်မြောက်ပိုင်း တီးတိန်၊ ထန်တလန် နှင့် မြို့တော် ဟားခါးတို့တွင် ကျင်းပခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ချင်းပြည်နယ်အခြေစိုက် ဒေသ အာဏာပိုင်များ၊ ကျန်းမာ ရေး တာဝန်ရှိများ နှင့်  လူထု အသင်းအဖွဲ့များ အသီးသီး ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

Consultation on Health Care system ဆွေးနွေးပွဲသို့ CBHWT မှ ဒါရိုက်တာ Salai Dawt Mang နှင့် အတူ CBHWT မှ ကျန်းမာရေးတာဝန်ရှိများ တက်ရောက်ကြသည်။

“ ဆွေးနွေးပွဲ ခေါင်းစဉ်အရပေါ့နော်၊ ချင်းလူထုအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို လက်ရှိ ကျန်းမာရေး စောင့် ရှောက်မှုစနစ်ထက် ပိုမိုကောင်းမွန်အောင် ဘယ်လိုလုပ်မလဲ၊ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ဘာအကြံပြုချင်သလဲ ဆိုတဲ့ အောက် မှာ အဓိက ဆွေးနွေးတယ်၊ ” ဟု ဆလိုင်းဒေါ့မန်းက ပြောသည်။

ထန်တလန်မြို့လူထုဆွေးနွေးပွဲတွင် Merlin ( Health group), UNDP, အစိုးရကျန်းမာရေးဌာန၊ HIV Prevention, Thantlang Association Baptist Church, Thantlang Baptist Church, BI, မှ တာဝန်ရှိများတက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် Health Policy Workshop ကို ဒီနှစ်မကုန်ခင် ပြန်လည်ပြုလုပ်ပြီးမှ ချင်းတမျိုးသားလုံးနဲ့ ပါတ်သက်တဲ့ Health Policy ချမှတ်ဖို့အထိ ဆက်လက်ကြိုးပမ်းသင့်ကြောင်း  တက်ရောက်သူအသီးသီးမှ အကြံပြုဆွေးနွေးကြကြောင်း ထပ်မံသိရသည်။

တီးတိန်မြို့လူထုဆွေးနွေးပွဲတွင်မူ နောက်တကြိမ် ဒီလိုမျိုး တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ပေးကြဖို့ အကြံပြုထားကြသည်။

ဟားခါးမြို့တော်လူထုတွေ့ဆုံဆွေးနွေးပွဲတွင် HCVG, CPTC,YMCA, Blood Donation Group, BDDC, ဟားခါးပြည် သူ့ဆေးရုံအစိုးရကျန်းမာရေးဝန်ထမ်းများ၊ UNDP, Merlin, Gret- CORAD, HIV/AIDS, မသန်မစွမ်းစောင့်ရှောက် ရေးအဖွဲ့နှင့် စိတ်ဝင်စားသူများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

တက်ရောက်သူများဖက်မှ ယခုနှစ်မကုန်ခင်မှာ Health Policy Workshop ကို ပြုလုပ်ပေးသင့်ကြောင်း၊ CBHWTကို တရားဝင်မှတ်ပုံတင်ရန်နှင့် ချင်းပြည်နယ်ကို ကြွပ်ကြွပ်အိတ် Free Zone အဖြစ်၎င်း၊ ချင်းပြည်နယ်အတွင်း ရှိထွက်ရှိတဲ့ သစ်သီးဝ လံအားလုံး Chemical Free zone အနေနဲ့ သတ်မှတ်နိုင်ရေး ဆက်လက်လုပ်သွားကြဖို့ အကြံပြုဆွေး နွေးကြ သည်။

“ ယခုကျတော်တို့အနေနဲ့ ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ နှင့် ရေဇွာ မြို့တို့မှာ ဆက်လက်ပြုလုပ်သွားဖို့ ပြင်ဆင်နေပါတယ်” ဟု ဆလိုင်းဒေါ့မန်းက ဆက်ပြောသည်။

သတင်းများအရ ချင်းပြည်နယ်သည် မြန်မာနိုင်ငံအတွင်း ဆင်းရဲမှုအနိမ့်ကျဆုံးပြည်နယ်ဖြစ်သည့် နည်းတူ ကျန်းမာရေး စောင့်ရှောက်မှုလည်း အင်မတန်နိမ့်ကျနေသေးကြောင်း သိရသည်။

ချင်းကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့( CBPHWT)ကို အိန္ဒိယ – မြန်မာ နယ်စပ်ရောက် လူငယ် ၁၃ ဦးက ၂၀၀၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ချင်းပြည်သူ့ရေးရာကော်မီတီအောက်တွင် ဖွဲ့စည်းလိုက်ကြသည်။ အဓိက လုပ်ငန်းများမှာ ဆေးဝါးကုသရေးအစီအစဉ်၊ မိခင်နှင့် ကလေး ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်၊ လူထု ကျန်းမာရေးပညာပေးနှင့် မြှင့်တင်ရေးအစီအစဉ်တို့ဖြစ်သည်

“ ယခင်က ဒီလိုမျိုးအစီအစဉ်တွေ လုပ်ဖြစ်ခဲ့ချင်တာ နိုင်ငံရေးအခြေအနေက မပေးဘူး၊ ယခုလို လုပ်နိုင်တာက နိုင်ငံရေး အခြေအနေပြောင်းလဲမှုကြောင့် ပါ၊ အဓိက လူထုနဲ့ လက်တွဲပြီးလုပ်နိုင်ဖို့က ဆန္ဒပေါ့ ” ဟု ချင်းပြည်သူ့ရေးရာ ကော်မီတီ တာဝန်ခံ ပူး ထက်နီက ပြောသည်။

ထို့အပြင် CBPHWT သည် ချင်းလူထု ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် နယ်စပ်ရှိ ချင်းလူငယ်များအား အခြေခံ ကျန်း မာရေးသင်တန်းကို  အနည်းဆုံး (၈) ကြိမ်ပြုလုပ်ပြီးဖြစ်သည်။

Share.

About Author

Comments are closed.