ကင်တားနားဟာ ပြသာနာရှာဖို့ ရောက်လာတာ ဟု ချင်းဝန်ကြီးပြော

0

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား ချင်းပြည်နယ်ကို ရောက်ရှိလာခြင်းသည် ပြသာနာရှာဖို့ လာရောက်ခြင်းသာဖြစ်သည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင်က ယနေ့ ပြောသည်။

“ မစ္စတာ ကင်တားနားက အတိတ်က ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို ပြောပါတယ်၊ ပြောတော့ ကျနော်က ငယ်ငယ်တုန်းက အင်္ကျီကို အခု ပြန်ဝတ်ရင် အန်ကျမှာမဟုတ်ဘူးပေါ့ အဲလိုကျနော်ပြန်ပြောပါတယ်၊ ဆိုလိုတာကတော့ သူလာတာဟာ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကျနော်တို့ ကြိုးစားနေတဲ့အချိန်မှာ ရှေး အတိတ်က အနာအဆာတွေကို ပြန်ဖော်ထုတ်ခိုင်းပြီး ပြသာနာရှာဖို့ လာတယ်လို့ဘဲ ကျနော်မြင်ပါတယ်’’ ဟု ပြောသည်။

မစ္စတာ ကင်တားနားသည် သြဂုတ်လ ၁၆ နှင့် ၁၇ ရက်နေ့က ချင်းပြည်နယ်တောင်ပိုင်း မင်းတပ် နှင့် ကန်ပက်လက်မြို့ ကို ၂ ရက်ကြာခရီးစဉ်အဖြစ် ပထမဆုံးအကြိမ်ရောက်ရှိလာပြီး ဘာသာရေးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုအခြေ အနေ စုံစမ်းလေ့လာခဲ့သည်။

လူ့အခွင့်အရေးအထူးကိုယ်စားလှယ် နှင့် အဖွဲ့ကို ချင်းပြည်နယ် အစိုးရကိုယ်စား ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင် နှင့် စည်ပင်ဝန်ကြီး ဦးနိန်းနိုင်းတို့က လက်ခံတွေ့ဆုံပြီး ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်အုပ်ချူပ်ရေးမှူးအဖွဲ့များ နှင့် ဘာသာရေးလွတ်လပ်ခွင့်အကြောင်းအရာများကို အဓိကထား ပြောဆိုဆွေး နွေး ခဲ့ကြသည်။

ချင်းပြည်နယ်တွင် အစိုးရသစ် တက်လာသည့်နောက်ပိုင်းမှစပြီး ဘာသာရေးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိသလောက်ဖြစ်နေပြီဟု မစ္စတာ ကင်တားနားကို ပြောဆိုခဲ့ကြောင်း ဆက်ဆိုသည်။

“ သာသနာရေးနှင့်ပတ်သက်ပြီး လွတ်လပ်ခွင့်ရှိမရှိ ခရစ်ယာန်ဆိုက်ဘက်ကို ဇောင်းပေးပြီး မေးပါတယ်၊ မေးတဲ့အခါမှာ ကျနော်တို့ အစိုးရတက်ပြီးတဲ့နောက်ပိုင်းမှာတော့ ဘာသာရေး ဖိနှိပ်မှုတွေ မရှိသလောက်ဘဲ၊ ဒါပေမယ့် တဖက်ဆိုက် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်ဘက်ကပြောချင်တာကတော့ ဘုရားကျောင်းဆောက်ရေး၊ လက်ဝါး ကားတိုင် စိုက်ထူ ရေး လျှောက်ထားတင်ပြတဲ့အခါမှာ ကြာတယ်ပေါ့နော် ပြန်ကျမလာဘူးဆိုပြီး ပြောတယ်ပေါ့နော်၊ အဲဒီကိစ္စကို ၂၀၁၂ ခုနှစ်ကစပြီး ပြည်နယ်အစိုးရကို အာဏာအကုန်လွှဲပါတယ်၊ အရင်တုန်းကတော့ ဗဟိုက ကိုင်လို့ကြာပါတယ်၊ အခု မကြာပါဘူးလို့ ပြန်ပြောလိုက်ပါတယ်’’ ဟု ပြောသည်။

သို့သော်လည်း မင်းတပ်မြို့မှ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တဦးကတော့ ခရစ်ယာန်နှင့်ဗုဒ္ဒဘာသာအကြား အခွင့် အရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုရှိနေကြောင်း ခရစ်ယာန်ဘာသာဝင်များမှသာသနာပြုလုပ်ငန်းများ ဆောင်ရွက် ရာတွင် အစိုး ရ သာသနာရေးဦးစီး ဌါနမှ စစ်ဆေးမေးမြန်ခြင်း၊ ဘုရားကျောင်းတည်ဆောက်ပါက ကျေးရွာအုပ်ချုပ် ရေးမှူး ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး၊ ကျန်းမားရေးဦးစီးဌါန၊ ဆောက်လုပ်ရေးဦးစီးဌါန၊ မြေစာရင်းဦးစီးဌါန၊မီးသတ်ဦး စီး ဌါန၊ စည် ပင်ဦးစီးဌါန၊ သာသနာဦးစီးဌါန၏ ထောက်ခံချက် လိုအပ်ပြီး ထောက်ခံစာ တစ်ခုရရှိဖို့ အနည်ဆုံးကျပ် ငွေ(၁၀၀၀၀) လောက် ပေးသွင်း ရကြောင်း ထောက်ခံစာကို နှစ်ပတ် သုံးပတ်စောင့်ဆိုင်းဖို့လိုအပ်ကြောင်း သို့သော် ဗုဒ္ဒဘာသာအတွက်မူ သက်ဆိုင်ရာက လိုအပ်ချက်များကို လွယ်လွယ် နှင့် ခွင့်ပြုလေ့ရှိသည့် အခြေအနေများရှိနေကြောင်း ပြောသည်။

Share.

About Author

Comments are closed.