မြန်မာနိုင်ငံကို တင်ပို့မည့် စိတ်ကြွဆေး ရူပီးငွေ သိန်း ၃၀၀ ကျော်ဖိုး မီဇိုရမ်တွင် ဖမ်းမိ

0

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့ တင်ပို့ရန် သယ်ဆောင်လာသော ဆီဒို အက်ဖရင်း(စိတ်ကြွဆေး) ရူပီးငွေ သိန်း ၃၀၀ ကျော်ဖိုးကို မီဇိုရမ်ပြည်နယ် မူးယစ်အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၇ ရက်နေ့က အိန္ဒိယနိုင်ငံ အာသံပြည်နယ် Silchar မြို့မှ အုပ်ခဲနှင့် ဘိလပ်မြေများတင်ဆောင်လာ သော ကုန်တင်ကားတစီးကို မီဇိုရမ်ပြည်နယ် နယ်စပ်စစ်ဆေးရေးဂိတ်(Vairengte) တွင် စစ်ဆေးရာမှ အိန္ဒိယထုတ် ဆီဒိုအက်ဖရင်းဆေးလုံး(၃၆၇) ကေဂျီကို ပိုင်ရှင်ဟုယူဆရသူ မီဇိုရမ်ပြည်နယ်သား ၂ ဦးနှင့်အတူ မီဇိုရမ်မူးယစ်အဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဖမ်းခံရသည့် ပိုင်ရှင် ၂ ဦးမှာ Vanlalhlima (25) Kelkang ကျေးရွာ နှင့်Chandamkima (24) Farkawn ကျေးရွာ တို့ဖြစ်ကြပြီး မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချရန် သယ်ဆောင်လာကြခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြကြောင်း အိုင်ဇောလ်မြို့ OC Pu Rina ကပြောသည်။

ထို့အပြင် နောက်တနေ့ အောက်တိုဘာလ ၈ ရက်နေ့မှာလည်း Vairengte စစ်ဆေးရေးဂိတ်တွင် ဆီဒိုအက်ဖရင်း ဆေးလုံး(၁၂၀)ကေဂျီကို ကုန်တင်ကားတစီးတွင် ထပ်မံဖမ်းဆီးခဲ့သည်ဟု OC Purina ကပြောဆိုသည်။

အိန္ဒိယနိုင်ငံတွင် အအေးမိ၊ နှာစေး၊ ဖျားနာခြင်းအတွက် စားသုံးရန် ထုတ်လုပ်ထားသော ဆီဒိုအက်ဖရင်းဆေးဝါးသည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို အလုံးအရင်းဖြင့် တင်ပို့ခဲ့ကြသည်ဟုသိရသည်။

ယင်းဆေးဝါးတင်ပို့မှုကြောင့် မီဇိုရမ်ပြည်နယ် နှင့်အိန္ဒိယပြည်မဘက်တွင်လည်း အဖမ်းခံရသူ မြန်မာနိုင်ငံသား၊ ဒေသခံ မီဇိုးလူမျိုးအမြောက်အများရှိခဲ့သည်။

ဆီဒိုအက်ဖရင်းဆေးဝါးကို မီဇိုရမ်ပြည်နယ်မှတဆင့် ချင်းပြည်နယ်ကို ဖြတ်သန်းပြီး မန္တလေးမြို့ရှိ တရုတ်ကုန်သည် များထံ ပြန်လည်ပေးသွင်းကြသည်ဟုသိရပြီ လမ်းခရီးတွင် အဖမ်းမခံရပါက တခေါက်နှစ်ခေါက်မှာပင် သိန်းပေါင်း သောင်းချီရရှိနိုင်သည့်
စီးပွားရေးဂွင်ဖြစ်သည်ဟုသိရသည်။

အိုင်ဇောလ်မြို့ OC Purina ၏ ပြောဆိုချက်အရ ဆီဒိုအက်ဖရင်းဆေးလုံးများကို မြန်မာနိုင်ငံတွင် Methamphetamine ဟုခေါ်သော စိတ်ကြွဆေးပြားအဖြစ် ပြန်လည်ထုတ်လုပ်ကြပြီး မီဇိုရမ်ပြည်နယ်သို့ ပြန်လည်တင်ပို့ရောင်းချနေကြ သည်ဟု ပြောဆိုသည်။

Share.

About Author

Comments are closed.