တာဟန်းဈေး Transformer ယနေ့ထိ အသုံးမပြုနိုင်

0

IMG_0177စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တာဟန်းရပ်ကွက်တွင် ၂ နှစ်နီးပါးခန့်အသုံးမပြုတော့သော လျှပ်စစ် Transformer ကိုတာဟန်း ဈေး သူဈေးသားများက အမြန်ဆုံးအသုံးပြုရန် လိုလားနေကြသည် ဟုသိရသည်။

KV ၅၀ အားရှိတဲ့ ယင်း Transformer သည် တာဟန်းဈေးအတွက် သီးသန့်လျှပ်စစ်မီးပေးဝေရန် တာဟန်း ဈေး ဆိုင်ခန်းပိုင်ရှင်များမှ စုပေါင်းထည့်ဝင်သော ငွေကြေးဖြင့် ၀ယ်ယူခြင်းဖြစ်ပြီး၊ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ကတည်းက လိုအပ် သော မီတာဘောက်၊ လျှပ်စစ်မီးတိုင် ၂၀ နှင့် Transformer ကို တာဟန်းရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးခန်း ဘေးတွင် အဆင်သင့်အသုံးပြုနိုင်ရန် ထားရှိပြီးဖြစ်သော်လည် ယနေ့ထိ အသုံးပြု၍မရသေးကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ တာဟန်းဈေးကော်မတီ တာဝန်ရှိသူ ဦးသောနာ က “တာဟန်းဈေး Transformer ကို တာဟန်းရပ်ကွက် Transformer နဲ့ ချိပ်ဆက်ဖို့ စီစဉ်ထားပါတယ်၊ အခု တာဟန်းဈေးကော်မတီအဖွဲ့ ကနေ အထက် အာဏာပိုင်တွေထံကို အကြောင်းကြားပြီးပါပြီ၊ သူတို့ရဲ့ တုန့်ပြန်ချက်ကို ကျနော်တို့စောင့် နေပါ တယ်’’ ဟု ပြောသည်။

၂၀၀၆ သြဂုတ်လ ၁၄ ရက်ညက လောင်ကျွမ်းပြာကျခဲ့ပြီးနောက် ကျပ်ငွေ သိန်းပေါင်း ၁၄၄၅၆ အကုန်ကျ ခံကာ ၅ နှစ်အတွင်း ပြန်လည်ဆောက်လုပ်သော တာဟန်းဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၇၈၂ ခန်းရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အကြီးမားဆုံးသော ဈေးဖြစ်သည်။

လက်ရှိ တာဟန်းဈေးတွင် Transformer မသုံးမပြုနိုင်သေးသောကြောင့် တာဟန်းရပ်ကွက်ရှိ Transformer မှတဆင့် လျှပ်စစ်မီးကို သွယ်တန်းရယူပြီး အသုံးပြုနေကြရသည်ဟုသိရသည်။

“ လျှပ်စစ်မီးကလည်း အချိန်ပြည့် မလာနိုင်တော့ နေ့ခင်းမှာလည်း ဈေးထဲမှာ အလင်းရောင် သိပ်မရဘူး၊ မှောင်နေတော့ဈေးလာဝယ်တဲ့ သူတွေလည်း အားနာဖို့ကောင်းတယ်၊ ဒါကြောင့် ဒီ Transformer ကြီး အသုံးပြုလို့ ရမယ့်နေ့ကို ကျမတို့အရမ်းမျှော်လင့်နေပါတယ်’’ ဟု ဆိုင်ခန်းပိုင်ရှင်တဦးကပြော သည်။

Share.

About Author

Comments are closed.