ချင်းပြည်နယ်၏ အနာဂတ် ပညာရေး ကို မျှော်ကြည့်ခြင်း

0

(ဆလိုင်းရောဘတ်) စာမေးပွဲမေးခွန်းလွှာမှာ မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၁၄ ခု အနက် အဆင်းရဲဆုံးပြည်နယ်ကို ပုံ နှင့် တကွ ဖော်ပြ ဖြေဆိုပါ ဟု  တိုးလာယင် ချင်းပြည်နယ် ဟု တညီ တညွတ်တည်း ဖြေဆိုကြမှာ ဧကန်မလွဲပင်၊ အလား တူ တက္ကသိုလ် ၀င်တန်းအောင်ချက် အနည်းဆုံးပြည်နယ်ကို ဖော်ပြပါ ဟု ပါလာယင် ချင်း ပြည်နယ် ဟုပင် ဖြေဆိုကြမှာပါ။

အဘယ့်ကြောင့်ဆိုသော် United Nations Development Program (UNDP) ၏ စစ်တမ်းအရ လက်ရှိ အခြေအနေတွင် ချင်းပြည်နယ်သည် တနိုင်ငံလုံးတွင် အဆင်းရဲဆုံးပြည်နယ်နှင့် ပညာရေးတွင်လည်း တက္ကသိုလ်ဝင်တန်း အောင်ချက် အနည်းဆုံးပြည်နယ် ဖြစ်ခဲ့ရလို့ ပဲ။

ယင်းကဲ့သို့ ဖက်ပေါင်းစုံ အနှုတ်လက္ခဏာ တံဆိပ်ခပ်ခံရခြင်းသည် ချင်းပြည်နယ်အတွက် နမိတ်ကောင်းတော့ မဟုတ်ပေ။ ချင်းပြည်နယ်သည် အဘယ့်ကြောင့် ပညာရေးကဏ္ဍတွင် နိမ့်ကျနေရသနည်းဆိုသည့် အဖြေကို ရှာဖွေ ပြီး ပညာရေး ကဏ္ဍတိုးတက်မြင့်မားလာစေရေးအတွက် ၀ိုင်းဝန်းအဖြေရှာကြရမည်မှာ ချင်းလူမျိုးတိုင်း၏ တာဝန်ဖြစ်သည်။  ချင်းပြည် နယ်အစိုးရအနေဖြင့်လည်း ယင်းကိစ္စကို အလေးအနက်ထားရှိပြီး ချင်းပြည်နယ် ပညာရေးမြှင့်တင်ရေးနည်းဗျူဟာ စီမံကိန်း များ လေ့လာရေးဆွဲပြီး စနစ်တကျအကောင် ထည်ဖော်ဆောင် ရတော့မည့်အချိန်ဖြစ်သည်။ ဒီနေရာတွင် ပြည်နယ် အစိုးရ နှင့် ချင်းပြည်သူလူထုအနေဖြင့် သိထားသင့်ရမည် မှာ  မွန်ပြည်နယ်သည် မြန်မာနိုင်ငံတိုင်း နှင့် ပြည်နယ်များအနက် တက္ကသိုလ်ဝင် တန်းအောင်ချက် အမြင့်ဆုံးပြည်နယ်အဖြစ်ရပ်တည်လာခဲ့သည်မှာ ၅ နှစ် ဆက်တိုက်ရှိပြီဖြစ်သည်။

အဘယ်ကြောင့် မွန်ပြည်နယ်သည် ယခုကဲ့သို့ တက္ကသိုလ်ဝင်တန်းအောင်ချက် ကောင်းမွန် နေရပါသလဲ၊ မွန် လူမျိုးများ သည် ချင်းလူမျိုးများကဲ့သို့ ပခုံးနှစ်ဖက်ကြားခေါင်းပေါက်သည့် လူသားစစ်စစ်များဖြစ်ကြပြီး ဘာမှကွာ ခြားချက်မရှိပေ။ အဘယ်ကြောင့် သူတို့သည် ချင်းလူမျိုးများထက် ပညာရေးမှာ ပိုမိုအောင်မြင်ရသလဲ၊ သေချာသည်မှာ ချင်းလူမျိုးများထက် ဦးနှောက်ထက်မြက်၍မဟုတ်ပေ။ မွန်ပြည်နယ်မှာ ပညာရေး အတွက် မည်သို့မည်ပုံလုပ်ဆောင်ကြလဲ၊ ဘယ်လိုနည်းစ နစ်မျိုးအသုံးချကြသလဲ စသည့် အချက်များကို လေ့လာ ဆန်းစစ်ပြီး မိမိတို့ပြည်နယ်အတွက် ဘယ်လိုအ ကောင်အ ထည်ပြန်လည်ဖော်ဆောင်ကြမလဲစသည်တို့ကို ပြည်နယ်အစိုးရအနေဖြင့် လေ့လာစီစစ်ရပေမည်။

ယနေ့ ကျောင်းသူကျောင်းသား မျိုးဆက်သစ်လူငယ်များသည် နောင်တချိန်တွင် ချင်းပြည်နယ်ကို ဦးဆောင်ကြ သူများဖြစ်ကြသည်။ ဒါကြောင့် နောင်တချိန်မှာ တိုင်းပြည်၏ အရေးကြီးဆုံးအခန်းကဏ္ဍများကို ဦးဆောင် လာကြမည့် မျိုးဆက်သစ် လူငယ်များကို ယခုချိန်ကတည်းက ကောင်းမွန်သော ပညာရေးစနစ်၊ အခြေခံ အဆောက်အဦး၊ တည်တံ့ခိုင်မြဲ သော ပညာရေးအုတ်မြစ်များချပေးရန် လိုအပ်လှပါသည်။

ချင်းပြည်နယ်၏ အနာဂတ် ဖွံဖြိုးတိုးတက်ရေး၊ သာယာဝပြောသော ပြည်နယ်တခုအဖြစ် ရပ်တည်နိုင်ဖို့ အတွက်ဆိုရင် ပညာရေး အခြေခံ အဆောက် အဦးကောင်းမွန် မှဖြစ်မည်။ ယင်းကိစ္စကို အစိုးရတစ်ခု တည်းဖြင့် အကောင်ထည်ဖော်ဆောင် နိုင်မည်မဟုတ်သလို မိဘပြည်သူ၊ အရပ်ဖက်အဖွဲ့အစည်း များ၊ ကျောင်းဆရာ များ၊ ကျောင်းသားကျောင်းသူများကလည်း အားကြိုးမာန်တက် ပူးပေါင်းပါဝင်ကြိုးစာကြရမည်ဖြစ်သည်။

DSCN1285 copy

မကြာသေးခင်က ချင်းပြည်နယ်ပညာရေးအခြေအနေနှင့်ပတ်သက်၍ ဟားခါးမြို့တွင် ချင်းပြည်နယ်အနာဂတ် ပညာရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ဆိုသည့်ခေါင်း စဉ်ဖြင့် ဆွေးနွေးပွဲတရပ်ကျင်းပခဲ့ကြသည်။ အလွန်အား ရကျေနပ် စရာ ကောင်း သော ဆွေးနွေးပွဲတရပ်ဟုဆိုရပေမည်။

ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ ၃ ရက်တာကျင်းပပြုလုပ်ခဲ့ကြပြီး ချင်းပြည်နယ်မြို့နယ် အသီးသီးမှ ပညာရေးနယ်ပယ်တွင်အတွေ့အကြုံရှိ ကြသည့် ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ILBC နှင့် NNER မှ တတ် သိပညာရှင်တွေအပါအ၀င် စုစုပေါင်း ကိုယ်စားလှယ်(၆၀) ကျော်က ချင်းပြည်နယ်၏ အနာဂတ် ပညာရေးအခြေအနေများ ကို ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် ချင်းပညာရေးကွန်ယက် အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည့်အပြင် ချင်းပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာ ရေး အတွက် အစိုးရ၏ တာဝန်ဝတ္တရားများ၊ မိဘများ၏ တာဝန်ဝတ္တရားများ၊ ကျောင်း ဆရာ၊ ဆရာမများ၏ တာဝန်ဝတ္တရား များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များ၏ တာဝန်များဟုဆိုကာ ကဏ္ဍ အလိုက် ပိုင်းခြားလေ့လာဆန်းစစ်ခဲ့ကြပြီးနောက် ကောင်းမွန်သော  အကြံပြုချက် ထွက်ပေါ်လာခဲ့သည်။

ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော အဆိုပါအကြံပြုချက်သည် ချင်းပြည်နယ်အစိုးရအပြင် ချင်းမိဘပြည်သူများ အနေဖြင့် ဖတ်ကြားလေ့လာသင့်ပေသည်။

အနာဂတ် ချင်းပြည်နယ် ပညာရေး ဖွံ့ဖြိုးရေးအတွက် မိဘများ၏ တာဝန်ဝတ္တရားများ

မိဘများသည် သားသမီးများ၏ ပညာရေးမြှင့်မားလာစေရေးအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်များဖြစ်ကြပြီး ပညာရေး ကဏ္ဍတွင် သားသမီးတစ်ဦးချင်းစီ၏ စိတ်နေ သဘောထား နှင့် လိုအင်ဆန္ဒများကို သိရှိအောင် အမြဲ ကြိုးစားရမည်ဖြစ် သည်။

ထို့အပြင် မိဘများအနေဖြင့် မိမိကလေးများအား ရှေးဦးကလေးသူငယ်အရွယ်ကတည်းမှ ပြုစု ပျိုးထောင်ပေးရာတွင် မိမိလိုချင်သည့် ပုံစံအတိုင်းမသွတ်သွင်းဘဲ ကိုယ်ပိုင်ကြံဆနိုင်စွမ်းနှင့်သင်ယူနိုင်ခွင့်ကို ပံ့ပိုးကူညီသင့်ပြီး အနည်းဆုံး အခြေခံပညာပြီးဆုံးနိုင်အောင် ကြိုးစားအားပေးသင့်သည်ဟု အနာဂတ် ချင်းပညာရေး ဆွေးနွေးပွဲမှ အကြံပြုထားသည်။

ကျောင်းဆရာ၊ ဆရာမများ၏ တာဝန်ဝတ္တရားများ

ကျောင်းဆရာ/မ များသည် ကျောင်းသား/သူများအတွက် ကျူရှင်သင်ကြားသည့်အလေ့အထပပျောက်ရန် ကျောင်းချိန်အ တွင်း သင်ခန်းစာများကို အပြည့် အ၀စေတနာထားပြီး သင်ကြားပေးရမည်။ ပညာသင်ကြားရာ တွင်လည်း ကလေးများအခြေ ပြု သင်ကြားရေးစနစ်ဖြင့် ကလေးများ၏ ပင်ကိုယ်စွမ်းရည် ပေါ်ထွက် လာရေးကို ဦးစားပေးသင်ကြားပေးသင့်ပြီး ဆရာ/မ များအနေဖြင့် မိမိကိုယ်ကိုလည်း ထာဝရသင်ယူသူအဖြစ် ယုံကြည်လက်ခံကာ ကလေးငယ်များအပေါ် စေတနာ၊ ဂရုဏာ၊ အကြင်နာရှိရှိဖြင့် သင်ကြားပေးသင့်သည်။

ထို့အပြင် ကျောင်းဆရာ/မ များသည် ကလေးငယ်များ၏ အခြေအနေ၊ ပညာရေးအခြေအနေ၊ သင်ထောက် ကူပစ္စည်းများ နှင့် ပတ်သက်၍ ကျောင်းသားမိဘများနှင့် တစ်နှစ်လျှင်အနည်းဆုံး နှစ်ကြိမ်တွေ့ဆုံနွေးဆွေး သင့်ပြီး၊ ကျောင်းသား/သူ များ ပညာရေးမြှင့်တင်ရေးကိစ္စတွင် မိဘများနှင့်တိုင်ပင်ဆွေးနွေးကာ “စာလည်းသင်၊ လူလည်းပြင်’’ (ကာယ၊ ညာဏ၊ စရိတ္တ၊ သက်မွေး၊ ရသ) စနစ်များကို လုပ်ဆောင်သင့်သည်ဟု အကြံပြုထား ပါသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ တာဝန်ဝတ္တရားများ

ဒေသတွင်းအခြေစိုက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ကုလသမဂ္ဂကဲ့သို့သော အစိုးရမဟုတ်သည့် အဖွဲ့အစည်း ကြီးများ အနေဖြင့် ပညာရေးအတွက် လိုအပ်သည့် အဆောက်အဦး၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ၊ ကျောင်း၊ ကျန်းမာရေး၊ အားကစား၊ ဂီတအနုပညာ၊ အဟာရများ စသည်တို့ကို တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးသင့်ပြီး၊ မိဘ၊ ဆရာ၊ ကျောင်းသား များ နှင့် လိုအပ်သလိုဆွေးနွေးပွဲပြုလုပ်ကာ ပညာပေးအမြင်ဖွင့် သင်တန်းများ ဟောပြောဆွေးနွေးခြင်း၊ ဆင်းရဲသား ကလေးငယ်များအား ပညာသင်ထောက်ပံ့ကြေး (စကော လာရှစ်) များ ထောက်ပံ့ပေးခြင်းများလုပ်ဆောင်သင့်သည်။

ထို့အပြင် ဝေးလံခေါင်ဖျားကျေးလက်ဒေသများတွင် ရှေးဦးကလေးသူငယ်ကျောင်းများဖွင့်လှစ်ပေးခြင်း၊ ကျောင်း ဆက် မတက်နိုင်သော ကလေးငယ်များအား အသက်မွေးဝမ်းကျောင်းပညာများသင်ကြားပေးခြင်း၊ ကူညီပေး ခြင်းများလုပ် ဆောင်ပေးသင့်ကြောင်း၊ အရေးကြီးသည့်ကိစ္စရပ်များတွင် ဥပမာ- ကျောင်း ပညာရေး မူဝါဒ နှင့် ဆုံးဖြတ်ချက်များ၊ ဒေသ ဆိုင်ရာ ပညာရေးလိုအပ်ချက်များ ချမှတ်သည့်လုပ်ငန်းများတွင် မိဘ၊ဆရာ/မများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းဆောင်ရွက် သင့်သည်ဟု အကြံပြုထားသည်။

အစိုးရ၏ တာဝန်ဝတ္တရားများ

အစိုးရအနေဖြင့် မူလတန်းအရွယ်ကလေးငယ်များ တန်းတူပညာရေးသင်ကြားနိုင်ရေး၊ ကျူရှင်ဖွင့်လှစ်သည့် အလေ့အထ ပပျောက်ရေး နှင့် ဆင်းရဲ နွမ်းပါးကလေးငယ် များ၏ စားဝတ်နေရေး၊ အခြေခံကျန်းမာရေး လိုအပ်ချက်များကို တာဝန်ယူ ဆောင်ရွက်ပေးသင့်ပြီး ကျောင်းနေပျော်ရေးကို ဦးစားပေးဆောင် ရွက်ပေး သင့်သည်။

ကလေးငယ်များ၏ ရှေးဦးသင် ပညာရေးကို အပြည့်အ၀ပံ့ပိုးဆောင်ရွက်ရန် အစိုးရတွင် တာဝန်ရှိပြီး ကျောင်း ဆရာ/မ ခန့်ထားရေး၊ ပြောင်းရွှေ့ရေး ကို ဒေသ အလိုက်၊ ကျောင်းအလိုက် စီမံခန့်ခွဲပိုင်ခွင့်များပေးသင့်ကြောင်း၊ ရှေးဦးသင် ပညာရေး မှ မူလတန်းအဆင့်ထိ မိမိဒေသ မိခင်ဘာသာစကားဖြင့် ပြဌန်း သင်ကြား ခွင့်ပေးသင့်ပြီး၊ မြန်မာစာ နှင့် အင်္ဂလိပ်စာများကို ဘာသာစကားတစ်ခုအနေဖြင့် မူလတန်းအထက်ဆင့်တွင် ပြဌာန်းသင် ကြားပေးသင့်သည်ဟု အကြံပြုထားသည်။

ထို့အပြင် ကျောင်းသား ဗဟိုပြုသင်ကြားရေးစနစ်ကို ထိထိရောက်ရောက်အကောင်ထည်ဖော်ကျင့်သုံး ပြဌန်းပေးရမည်ဖြစ် ပြီး၊ မူလတန်း နှင့် အလယ်တန်းအထိ အခမဲ့ မသင်မနေရစနစ်ကို အပြည့်အ၀ အကောင် အထည်ဖော်ဆောင်ရန် နှင့် ကျောင်းသား/သူများကို အလွတ်ကျက်ခြင်းအစား မိမိဘာသာ စဉ်းစားတွေးခေါ်၊ တတ်မြောက်၊ ဖန်တီးနိုင်သောသင်ကြား ရေးစနစ်ကို ပြဌာန်းကျင့်သုံးသင့်သည်။

သက်ဆိုင်ရာအစိုးရအနေဖြင့် ပညာရေးမူဝါဒဆိုင်ရာများနှင့်ပတ်သက်၍ လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာရှင် များ၏ ဆွေးနွေးအကြံပြုချက်များကို အသိအမှတ်ပြု လက်ခံသင့်ပြီး၊ ကျောင်းသား/သူများအနေဖြင့် မိမိကြိုက်နှစ်သက်သည့် ဘာသာရပ်ကို သင်ယူနိုင်ရန် နှစ်သက်ရာဘာသာရပ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို ခွင့်ရှိသင့်ပြီး၊ ကျောင်းပြင်ပ ပညာသင်ကြားသူများကိုလည်း အဆိုပါအခွင့်အရေးပေးသင့်သည်ဟု ပညာရေးဆွေးနွေးပွဲက အကြံပြုထားပါသည်။

ယင်းအကြံပြုချက်များသည် ပြည့်စုံလုံလောက်သော အကြံပြုချက်ဟု မဆိုနိုင်သော်လည်း အဆိုပါအကြံပြု ချက်ကို အစိုးရ၊ မိဘပြည်သူ၊ ကျောင်းဆရာ/မ များ အနေဖြင့် စနစ်တကျ ကျင့်သုံးနိုင်မည်ဆိုပါက ချင်းပြည်နယ် ၏ အနာဂတ် ပညာရေး တိုးတက်အောင်မြင်ရေးအတွက် မလွဲဧကန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

“ပညာမြင့်မှ လူမျိုးတင့်မည်’’ ဆိုသည် စကားအတိုင်း ချင်းလူမျိုးများ ကမ္ဘာ့အလယ်တွင် မျက်နှာမငယ် ရလေအောင်၊ ချင်းလူမျိုးများသည် မြန်မာနိုင်ငံ တွင်သာမ က နိုင်ငံ တကာနှင့်ရင်ဘောင်တန်းနိုင်သော လူမျိုး တစ်မျိုးဖြစ်ကြောင်းကို သက်သေထူရန် ယခုချိန်မှ စ၍ အဓိပ္ပါယ်ရှိသော ခြေလှမ်းများဖြင့် စတင်လျှောက် လှမ်းကြမည်ဖြစ်သည်။

“ အစကောင်းမှ အနှောင်းသေချာ” ဆိုသည့် အလွန်မှန်ကန်လှသော ဆိုရိုးစကားရှိပါသည်။ အစကတည်းက သေသေ ချာချာလုပ်ဆောင်ခြင်း၊ ကြိုးစားခြင်း မရှိပါ က အောင်မြင်မှုမရှိနိုင်ပေ။ အစကောင်းခြင်းသည် အောင်မြင်ရန် တ၀က် သေချာခြင်း မဟုတ်ပါလော။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဥယျာဉ်မှူး ပမာ သားသမီးများ၏ ပညာရေးကိစ္စအ၀၀ကို အားပေး အားမြောက် ကူညီ ပံ့ပိုးပေးရန်လိုအပ်လှပေသည်။ အရေးကြီး ဆုံးအချက်တစ်ချက်မှာ ချင်းမျိုးဆက်သစ်လူငယ် ကျောင်းသား/သူများအနေဖြင့် မလျှော့သော ဇွဲ၊ လုံ့လ၊ ၀ိရိယဖြင့် ကြိုးစားကြရမည်ဖြစ်သည်။ ယင်းကဲ့သို့ စတင်လျှောက်လှမ်းနိုင်ပါက နောင်တချိန် တွင် မြန်မာနိုင်ငံ တိုင်း နှင့် ပြည်နယ်အသီးသီးအနက် တက္ကသိုလ် ၀င်တန်းအောင်ချက် အနိမ့်ကျဆုံးပြည်နယ်ဘ၀မှ အမြင့် ဆုံးပြည်နယ်ဖြစ်လာမည်မှာ မုချ မလွဲဧကန်ပါ။

Share.

About Author

Leave A Reply

*

code