လက်ဝါးကားတိုင် ပြောင်းရွှေ့ခိုင်းမှု ပြန်ရုပ်သိမ်းရန် ချင်းလူ့အခွင့်အရေးအဖွဲ့တောင်းဆို

0

ဟားခါးမြို့ ဆုတောင်းပြည့်တောင်ပေါ်၌ စိုက်ထူးထားသော ခရစ်ယာန်ဘာသာရေးအထိမ်းအမှတ်ကျောက်တိုင် လက်ဝါးကားတိုင်ပြောင်းရွှေ့ရန် ချင်းပြည်နယ်အစိုးရ၏ အမိန့်ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းရန် ချင်းလူ့အခွင့် အရေးအဖွဲ့ (CHRO) က ယနေ့ တောင်းဆိုလိုက်သည်။

အမြင့် ၅၄ ပေရှိသော ယင်းလက်ဝါးကားတိုင်သည် တရားဝင်ခွင့်ပြုချက်မပါဘဲ တည်ဆောက်သည်ဟုဆိုကာ လက်ရှိ တည်ရှိရာ ဟားခါးမြို့ ကြာရ်ကြန်တလန်တောင်ကုန်း(ခေါ်) ဆုတောင်းပြည့်တောင်မှ ဇန်န၀ါရီ လ ၃၀ ရက် နေမတိုင်ခင် အပြီး ပြောင်းရွှေ့ဖယ်ရှာရန် နှင့် အမိန့်အတိုင်းလိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူသွားမည်ဟု ဇန်န၀ါရီလ ၁၃ ရက်နေ့က ချင်းပြည်နယ်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စအပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ယနေ့ကြေညာချက် ထုတ်ပြန်လိုက်ပြီး ချင်းပြည်နယ်အစိုးရ အနေဖြင့် ၎င်းတို့၏ အမိန့်ကို ပြန်ရုပ်သိမ်းရန် နှင့် ယင်းလက်ဝါးကားတိုင် စိုက်ထူရာတွင် ပါဝင်ခဲ့သူ ချင်းအမျိုးသားကြီး ဦး တီာလ် ကျဲမ်းအပေါ် တရားစွဲဆိုထားမှုကိုလည်း ပြန်လည်ရုတ်သိမ်းပေးရန် တောင်းဆိုလိုက်သည်။

CHRO ညွှန်ကြားရေးမှူးချုပ် ဆလိုင်းဘွေလျန်းမန်က ” လက်ဝါးကားတိုင်းကို ဖြိုချ ရွှေ့ပြောင်းဖို့ဆိုတဲ့အမိန့်က လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဆက်လက်ဖြစ်ပွားနေခဲ့တဲ့ ချင်းလူမျိုး ခရစ်ယာန် ဘာသာဝင်တွေအပေါ်ဘာသာရေး အရ ခွဲခြား ဆက်ဆံခြင်း သဏ္ဍာန်တစ်မျိုး ပါပဲ။ လက်ရှိမှာ အာဏာပိုင် တွေဟာ ရွေးချယ်စရာ လုပ်ပိုင်ခွင့် နှစ်ခုရှိပါတယ်။ တစ်ခုက အမိန့်ကို ဖျက်သိမ်း ပြီး လက်ဝါးကားတိုင်ကို ဆက်လက် ထားရှိခွင့်ပြု ပြီး ဦးတီာလ်ကျဲမ်း အပေါ်တရားစွဲဆိုထား တာကို ရုတ်သိမ်းပေးခြင်းပါပဲ ။ ဒီလိုဆုံးဖြတ်လိုက်ရင်တော့ နှစ်ရှည်လများ ရှိနေခဲ့တဲ့ ခွဲခြားဆက်ဆံမှုပုံစံကို အဆုံးသတ် ပေးဖို့အတွက် အရေးကြီးတဲ့ ပထမ ခြေလှမ်း ဖြစ်လာမှာပါ။ ဒါမှမဟုတ် အဲဒီအမိန့်နဲ့ ကားတိုင်ကိုဖျက်ပြီး တရားစွဲဆိုမှုကို ဆက်လက် လုပ်ဆောင်မယ် ဆိုလို့ရှိရင် ဘာတစ်ခုမှ ပြောင်းလဲခြင်း မရှိသေးဘူးလို့ကမ္ဘာကို သက်သေပြပြီးသား ဖြစ်သွား တာပေါ့ ” ဟု ပြောသည်။

ဦးတီာလ်ကျဲမ်းသည် သစ်တောဥပဒေ ပုဒ်မ ၄၂ (ခ) အရ တရားဝင်ခွင့်ပြုချက်မရှိဘဲ ထင်းရှူးပင် ခုတ်လှဲမှုဖြင့် ချင်းပြည် နယ် အစိုးရက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ဟားခါးမြို့နယ် တရားရုံးသို့ ခြောက်ကြိမ် ဆင့်ခေါ်ခံရပြီး ဖြစ်ကာ ယနေ့နောက်ထပ်တစ်ကြိမ် ရုံးတင်စစ်ဆေးခံရမည်ဟု သိရသည်။ ရုံးတင်စစ်ဆေးမှုအရ ပြစ်မှုထင်ရှားပါက ဦးတီာလ်ကျဲမ်းသည် ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်ချေရှိသည်။

ယခုကဲ့သို့ လက်ဝါးကားတိုင်စိုက်ထူရာတွင် ပါဝင်သူ ဦးတီာလ်ကျဲမ်း တရားစွဲဆိုခံရမှုသည် လက်ဝါးကားတိုင် စိုက်ထူခြင်း နှင့် ပတ်သက်နေသည့် အကွက်ဆင်တရားစွဲဆိုမှုတစ်ခုသာဖြစ်သည်ဟု CHRO ၏ ယနေ့ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

လက်ဝါးကားတိုင် ပြောင်းရွှေဖယ်ရှားရန် ချင်းပြည်နယ်အစိုးရ၏ အမိန့်ထုတ်ပြန်ချက်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဟားခါးမြို့ပြည်သူလူထုက ဖေဖော်ဝါရီလ ၂ ရက် နှင့် ၃ ရက်နေ့တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ကြမည် ဖြစ်သည်။ ယင်းအတွက် ဟားခါးမြို့ရဲစခန်းမှလည်း ဆန္ဒပြမည့်အစီစဉ်ကို ခွင့်ပြုလိုက်ပြီဖြစ်သည်။

CHRO ၏ ၂၀၁၂ ခုနှစ်ထုတ် “Threats to our Existence: Persecution of Ethnic Chin Christians in Burma” အစီရင်ခံစာအရ ချင်းပြည်နယ်တွင် လက်ဝါးကားတိုင်း စုစုပေါင်း ၁၃ ခု ဖျက်ဆီးခံရပြီးဖြစ်ကြောင်း၊ ယင်းအထဲမှ ၄ ခုမှာ ယခုအစိုးရတက်လာပြီးသည့်နောက်ပိုင်းတွင်ဖြစ်သည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code