ရခိုင်တပ်မတော်၏ လက်တုံ့ပြန်မှုကြောင့် အစိုးရ စစ်တပ် တဦးကျ၊ နှစ်ဦးဖမ်းမိ

0

ယခုလ ၂၉ ရက်နေ့ တနင်္ဂနွေ ည ၁၂ နာရီ ခန့်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ် ကျောက်တိုင် အမှတ် (၇၆) အနီးတွင် ရခိုင့်တပ်မတော် ၏ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ပလက်ဝမြို့ အခြေစိုက် ခလရ ၂၈၉ တပ်ရင်း နယ်လှည့်စစ်ကြောင်းတပ်ဖွဲ့ထဲက တဦးကျဆုံးပြီး နှစ်ဦးကို လက်ရ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

“တိုက်ပွဲမဖြစ်ခင် သုံးရက်အလိုမှာ အစိုးရစစ်တပ်က ရခိုင်တပ်သား တဦးကို ဖမ်းဆီးခဲ့တာကို ပြန်လည် လက် တုံ့ပြန် ခဲ့တာဖြစ်တယ်၊ အစိုးရ စစ်တပ်ဖက်က ဗိုလ်ကြီး တဦးကျဆုံးပြီး ဒုတိယ တပ်ကြပ် တဦးနှင့် တပ်သားတဦးကို ဖမ်းဆီး ခဲ့ကြတယ် ” ဟု အမည် မဖော်လိုသူ ဒေသခံ တဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး နောက်တနေ့တွင် အစိုးရစစ်တပ်သည် အင်အားပိုမိုဖြည့်တင်းပြီး ပြင်စိုရွာတွင် ဆက်လက် တပ်စွဲနေခဲ့ရာ ဒေသခံပြည် သူများသည် တိုက်ပွဲပြန်လည်ဖြစ်ပွားမှာကို စိုးရိမ်သဖြင့် ရွာနီးချုပ်စပ်များသို့ ထွက်ပြေးတိမ်း ရှောင်နေ ကြသည်ဟု သိရသည်။

“ ရွာထဲမှာ အစိုးရစစ်တပ်တွေ ဆက်လက်ထားရှိနေယင် ပြန်ဝင်လာမည်လို့ ရွာသားတွေကို ပြောသွားတယ်၊ ငါတို့က နေခိုင်းတာလည်းမဟုတ်ဘူး၊ ဒီတော့ ကျတော်တို့လည်း ကြောက်ရတာပေါ့ဗျာ“ ဟု ပလက်ဝမြို့သို့ ထွက်ပြေး တိမ်းရှောင်လာသူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ပြစ်က ပြောသည်။

တိုက်ပွဲတွင် ရခိုင်တပ်မဖက်က အင်အား ၄၀ ခန့်ရှိပြီး အစိုးရတပ်ဖက်က အင်အား အနည်းငယ်သာရှိကြောင်း တိုက်ပွဲအတွင်း အစိုးရတပ်သား တချို့သည် ထွက်ပြေးကြသဖြင့် ယခုလို တိုက်ပွဲတွင် ကျဆုံးမှုများရှိနေခြင်းဖြစ်ကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code