သဘာဝဘေးဒဏ်သင့် ချင်းပြည်သူများအတွက် မီဇိုရမ် CYMA မှ ကျပ်သိန်း ၅၀၀ ကျော်ကူညီ

0

 

(CYMA ဥက္ကဌ Pu Lalbiakzuala မှ စကားပြောကြားနေစဉ် - ဓာတ်ပုံ - The Chinland Post)

(CYMA ဥက္ကဌ Pu Lalbiakzuala မှ စကားပြောကြားနေစဉ် – ဓာတ်ပုံ – The Chinland Post)

သဘာဝဘေးဒဏ်ပြင်းပြင်းထန်ထန်ခံစားခဲ့ရသော ဟားခါးမြို့နှင့် အနီးတဝိုက်ရှိ ချင်းပြည်သူများ ပြန်လည်ထူထောင် ရေး အတွက် မီဇိုရမ်ပြည်နယ် Central Young Mizo Association (CYMA) မှ မြန်မာကျပ်ငွေ သိန်း ၅၀၀ ကျော် ကူညီထောက် ပံ့ခဲ့သည်။

CYMA ဥက္ကဌ ပူး Lalbiakzuala ကိုယ်တိုင်ဦးဆောင်သော CEC အဖွဲ့ဝင် ၁၅ ဦးပါဝင်သော မီဇိုးလူငယ်အဖွဲ့သည် ယမန်နေ့ (ဖေဖော်ဝါရီလ ၂၆)ရက်နေ့က ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့သို့ရောက်ရှိလာပြီး ညနေပိုင်း ၅ နာရီ တွင် ဟားခါး ကယ်ဆယ်ရေးကော်မတီ (Hakha Rescue Committee) နှင့် ကာဆင်ခန်းမ၌ တွေ့ဆုံ ဆွေးနွေး ကြပြီးနောက် မြန်မာ ကျပ်ငွေ သိန်း (၅၆၇၄၀၄၀၀)ကို လှူဒါန်း ပေးအပ်ခဲ့ခြင်းဖြစ် သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဟားခါးမြို့သို့ရောက်ရှိနေသော CYMA ဥက္ကဌ ပူး Lalbiakzuala ကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်းကြည့်ရာ “ မနှစ်က ရေကြီးမှုတွေ မြေပြိုမှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ မြန်မာနိုင်ငံက ကျနော်တို့ ညီအကိုတွေကူညီဖို့ဆိုပြီး Central YMA ကနေ အလှူငွေကောက်ခံပါတယ်၊ အားလုံး ရူပီး သိန်း ၁၁၉ ရပါတယ်၊ ပထမ သုတ်အနေနဲ့ တာဟန်း၊ မန္တလေး၊ တီးတိန်၊ ဖလမ်း၊ ဟားခါးလေး နဲ့ ကာနန်ဘက်ကို ကူညီထောက် ပံ့ခဲ့ပြီပေါ့နော်၊ ခု ဒုတိယ သုတ်အနေနဲ့ ဟားခါး နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေအတွက် လာရောက်ကူညီပေး တာ ဖြစ်ပါတယ်’’ ဟု ပြောသည်။

ဆက်လက်ပြီးသူက “ ကျနော်တို့ တကယ်ကို ၀မ်းသာပါတယ်၊ သူတို့ရဲ့ နွေးထွေးစွာကြိုဆိုမှု ရင်းနှီးမှုတွေက ကျနော်တို့ တွေဟာ ညီအကိုတွေ ဖြစ်ကြတယ်ဆိုတာ ပေါ်လွင်စေတယ်၊ ရှေ့ဆက်ပြီးတော့ အတူတကွလက်တွဲပြီး ပူးပေါင်းနိုင်ဖို့ ကျနော်တို့အများကြီး မျှော်လင့်တယ်” ဟု ပြောသည်။

ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်သည် ချင်းလူမျိုးအမြောက်အများ သွားရောက်အလုပ် လုပ်ကိုင်ကြသည့် ဒေသတစ်ခုလည်းဖြစ်ပြီး ယခုလက်ရှိတွင် မီဇိုရမ်ပြည်နယ်တွင် ချင်းလူမျိုး ငါသောင်းကျော်ခန့် နေထိုင် လျက်ရှိသည်ဟုသိရသည်။

CYMA ဥက္ကဌက ချင်းညီအကိုများသည် ရိုးသားပြီး အလွန်သဘောထားကောင်းမွန်ကြကြောင်း မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးလုပ်ငန်း နှင့် ဒုစရိုက်လုပ်ငန်းကျုးလွန်သည့်သူတစ်ချို့ကြောင့် ချင်းညီကိုများအားလုံးအပေါ် အဆိုးမမြင်သင့် ကြောင်းပြောသည်။
“ မီဇိုရမ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူ၊ ဒုစရိုက်မှုကျုးလွန်သူတစ်ချို့တွေကြောင့် ချင်းညီအကိုတွေအားလုံး အပေါ် အဆိုးမမြင်သင့်ဘူးဆိုတာ ကျနော်တွေ့ရှိလိုက်ပါတယ်’’ ဟု သူကပြောသည်။

ချင်းလူမျိုးတစ်ချို့သည် မီဇိုရမ်ပြည်နယ်အတွင်း ဖြစ်ပွားလေ့ရှိသော ဒုစရိုက်လုပ်ငန်း နှင့် မူးယစ်ဆေးဝါးရောင်းဝယ် ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်လေ့ရှိပြီး အထူးသဖြင့် ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားရောင်း ၀ယ်ဖောက်ကား မှုတွင် ပါဝင်ပတ် သက်လေ့ရှိသည်။

မီဇိုးလူငယ်အဖွဲ့သည် ပြီးခဲ့တဲ့နှစ်က ရေဘေးသင့်ဒဏ်ခံခဲ့ရသော တာဟန်း၊ မန္တလေး၊ တီးတိန်၊ ဖလမ်း၊ ဟားခါးလေး နှင့် ကာနန် ကျေးရွာများမှ ချင်းပြည်သူများ အိမ်ခြေ ၄၁၈ အိမ်ကို ပထမသုတ်အဖြစ် ကူညီပေးခဲ့ပြီဖြစ်သည်။

ယခုကဲ့သို့ ချင်းပြည်သူများအား အကူအညီပေးနိုင်ရန် ဟားခါးမြို့သို့ သွားရောက်သည့် လမ်းခရီးတစ်လျှောက်လုံးတွင် ကူညီပေးခဲ့သော ချင်းအမျိုးသားတပ်ဦး (CNF)၊ နွေးထွေးစွာ နှင့် လှိုက်လှိုက်လှဲလှဲကြိုဆိုဧည့်ခံကျွေးမွေးသော ချင်းလူ ငယ် များအဖွဲ့ (CYO) နှင့် Hakha Rescue Committee အဖွဲ့အပေါ် CYMA အနေဖြင့် အထူးကျေးဇူး တင်ရှိသည် ဟု ပူး Lalbiakzuala ကပြောသည်။

အလားတူ ချင်းပြည်သူ ရေဘေးသင့်ဒုက္ခသည်များအတွက် မီဇိုရမ်ပြည်နယ်ရှိ Mizoram Pradesh Congress Committee ( MPCC) ပါတီ၊ Mizo National Front၊ Zoram Nationalist Party၊ Central Young Mizo Association, Zofa Global Network and Green Network, Zonet TV Cable နှင့် အတူ ဆိုင်ဟား၊ လုံးလေ၊ လောင်တလိုင်၊ ကျန်ဖိုင်းမြို့များမှ ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့များသည်လည်း ရေဘေးသင့်ချင်းပြည်သူတွေကို ကူညီလှူဒါန်း နေကြကြောင်းသိရသည်။

Share.

About Author

Leave A Reply

*

code