မတူပီခရိုင်ရရှိပါက ပလက်ဝကို ထည့်သွင်းမည့်အပေါ် ဒေသခံများ၏ သဘောထားကို အလေးထားရန် CPP တိုက်တွန်း

0

OLYMPUS DIGITAL CAMERA

မတူပီမြို့နယ်ကို ခရိုင်အဆင့်သို့ တိုးမြှင့်ပေးနိုင်ရန် ချင်းပြည်နယ်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုကို ထောက်ခံကြိုဆိုသော် လည်း ပလက်ဝမြို့နယ်ကို မတူပီခရိုင်အတွင်း ထည့်သွင်းမည့်ကိစ္စကိုမူ အလေးထားပြန်လည်စဉ်းစားသင့်သည်ဟု ချင်းတိုးတက်ရေးပါတီ CPP က ပြောဆိုလိုက်သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းတိုးတက်ရေးပါတီက မတ်လ ၇ ရက်နေ့စွဲဖြင့် ကြေညာချက်တရပ်ထုတ်ပြန်ကာ ချင်းပြည် နယ်အစိုးရအနေဖြင့် ပလက်ဝဒေသခံပြည်သူများ၏ သဘောထားဆန္ဒကို အလေးထားကာ စဉ်းစားဆုံးဖြတ်သင့်သည်ဟု တိုက်တွန်းထားသည်။

CPP ပါတီအထွေထွေအတွင်းရေးမှူး ကိုရှိန်းထွန်းက “ ပလက်ဝမြို့ဟာ အရင် နအဖခက်တုန်းက ရခိုင်ပြည်နယ်ကနေ ကိုင်တယ်၊ ၂၀၁၀ နောက်ပိုင်းမှာမှ ကျနော်တို့ပြန်တောင်း တော့ အခွန်ကိစ္စတွေလည်း ချင်းပြည်နယ်ထဲကိုပြန်ဝင်လာတယ် အုပ်ချူပ်ရေးစနစ်ကလည်း မင်းတပ်ခရိုင်ရဲ့လက်အောက် ထဲရောက်သွားတာပေါ့၊ ဒေသခံတွေလိုချင်တာသည် မင်းတပ် ခရိုင်လက်အောက်မှာနေမယ် ပြီးတော့မှ နိုင်ငံရေးအလှည့် အပြောင်းရှိလာရင် ခရိုင်အဆင့်တိုးမြှင့်ပေးဖို့ သူတို့လိုချင်တယ် မတူပီခရိုင်ရဲ့အုပ်ချူပ်မှုစနစ်အောက်ကိုမသွားချင်ဘူး ဒါက ဒေသခံတွေရဲ့ဆန္ဒသဘောထား’’ ဟု ပြောသည်။

ယခုလက်ရှိတွင် မတူပီမြို့နယ်ကို ခရိုင်အဆင့်သို့ တိုးမြှင့်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရထံ ပြည်နယ်အစိုးရမှ တင်ပြတောင်းဆိုထားပြီး ခရိုင်အဆင့်ရရှိသွားပြီဆိုပါက မင်းတပ်ခရိုင်လက်အောက်တွင်တည်ရှိသော ပလက်ဝမြို့နယ် သည် မတူပီခရိုင်လက်အောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တောင်ဘက်အစွန်ဆုံးဒေသတွင်တည်ရှိပြီး ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေရှ့် နှင့် အိန္ဒိယ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်နှင့်လည်း နယ်နိမိတ်ထိစပ်နေသောဒေသတစ်ခုလည်းဖြစ်သည်။ထို့အပြင် မြန်မာ နှင့် အိန္ဒိယအစိုးရတို့ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းတည်ရှိရာဒေသ လည်းဖြစ်သည်။

အချက်အချာကြသော မြို့နယ်တစ်ခုဖြစ်နေသော်လည်း လမ်းပန်းဆက်သွယ်ရေးမကောင်းမှုကြောင့် အထီးကျန်စံသည့် မြို့ဖြစ်ခဲ့ရသော ပလက်ဝမြို့နယ်ကို ခရိုင်အဆင့်တိုးမြှင့်ပေးရန် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်က လွှတ်တော်သို့တင်ပြ တောင်းဆိုခဲ့ ပြီးဖြစ်ကြောင်းကိုရှိန်းထွန်းကပြောသည်။

“ CPP ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်လင်းက ၂၀၁၃ ခုနှစ်က လွှတ်တော်မှာတင်ပြဆွေးနွေးတယ် အဲလိုတင် လိုက် တော့ ပြည်ထောင်စုဘက်က ချင်းပြည်နယ်အစိုးရရဲ့ သဘောထားကို မေးတယ်ပေါ့လေ၊ ချင်းပြည်နယ် အစိုးရက လည်း ပြည်နယ်လွှတ်တော်မှာ ပလက်ဝမြို့နယ်ကို ဘာကြောင့်ခရိုင်ပေးသင့်သလဲဆိုတာ မဆွေးနွေးဘဲ ပလက်ဝ နဲ့ မတူပီ မြို့ နယ် ဘယ်ဟာကို ခရိုင်ပေးသင့်သလဲဆိုပြီးဆွေးနွေးတော့ ၁၁ မဲ ၉ မဲ ရှူံးသွားခဲ့တယ်’’ ဟု ကိုရှိန်းထွန်းကပြောသည်။

ယခုလက်ရှိချင်းပြည်နယ်တွင် ဖလမ်း၊ မင်းတပ် နှင့် ဟားခါး စုစုပေါင်း ခရိုင် ၃ ခုရှိသည်။

Share.

About Author

Leave A Reply

*

code