Khonumthung သတင်းဌာနက ပထမဦးဆုံးအကြိမ် ချင်းဒီဘိတ်ကို ဟားခါးတွင် ကျင်းပ

0

thumb_IMG_2890_1024

ချင်းမီဒီယာလောက တွင် သက်တမ်းအရင့်ဆုံး သတင်းဌာန တစ်ခုဖြစ်သော Khonumthung News Group မှ ဦးဆောင်ပြီး ပထမဦး ဆုံး အကြိမ် ချင်းဒီဘိတ်(Chin Debate) အစီစဉ်တရပ်ကို ချင်းပြည်နယ်၏မြို့တော် ဟားခါးတွင် မတ်လ ၂၆ ရက် နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ချင်းဒီဘိတ်ကို ဟားခါးမြို့ Hakha Baptist Association (HBA) ခန်းမတွင် နေ့လယ်ပိုင်း ၁ နာရီကျင်းပခဲ့ကြခြင်းဖြစ်ပြီး     “ အစိုးရသစ်ကို ချင်းပြည်သူများဘယ်လောက်မျှော်လင့်ရမလဲ’’ ဆိုသည့် ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူ (Panelist) ၄ ဦးနှင့် ဆွေးနွေးခဲ့ကြသည်။

ဦးဆောင်ဆွေးနွေးသူ ၄ ဦးမှာ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်း၊ ချင်းအရပ် ဖက်လူမှုအဖွဲ့ အစည်းကိုယ်စားမှ အင်ထော်နီကျူံးမန်း၊ Chinland Post အယ်ဒီတာ ဆလိုင်း Holy နှင့် ချင်းအမျိုးသား တပ်ဦး CNF ထန်တလန်ဆက်ဆံရေးရုံးတာဝန်ခံ Pu Ralhnin တို့ဖြစ်သည်။

ချင်းဒီဘိတ်ကျင်းပရသည့်ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး Khonumthung သတင်းဌာန၏ Managing Editor ကိုဆန်းသဲ က “ ကျနော်တို့ ချင်းလူမှုအသိုင်းအ၀န်းမှာ ဒီဘိတ်ယဉ်ကျေးမှုထွန်းကားလာဖို့ရယ်၊ ပြီးတော့ ပွင့်လင်းမြင်သာတဲ့ အစိုးရ အုပ်ချူပ်မှုယန္တရားတရပ်ပေါ်ပေါက်လာဖို့၊ အစိုးရ နှင့် နိုင်ငံရေးပါတီ၊ အရက်ဖက်အဖွဲ့၊ ချင်းပြည်သူတွေအကြား ပူးပေါင်း ဆောင်ရွက်မှုအားကောင်းလာစေရေးအတွက်ရည်ရွယ်ပြီး ခုလိုဒီဘိတ်ပွဲကို ကျင်းပရတာပါ’’ ဟု ပြောသည်။

အဆိုပါဒီဘိတ်တွင် ဦးဟုန်းငိုင်းဦးဆောင်သော ချင်းပြည်နယ်အစိုးရအပေါ် ပြန်လည်သုံးသပ်ဝေဖန်စမ်းစစ်ခြင်း၊ ယခု တက်လာမည့် NLD အစိုးရသစ်အပေါ် ချင်းပြည်သူများအနေဖြင့် ဘယ်လောက်ထိမျှော်လင့်ရမည်လဲဆိုသည့် အကြောင်း အရာများကို အဓိကဆွေးနွေးခဲ့ကြသည်။

အစကနဦးတွင် ချင်းပြည်နယ်မှာအစိုးရသစ်ကို ဦးဆောင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD မှ တာဝန်ရှိသူများကို ဒီဘိတ်တွင် ဦးဆောင်ဆွေးနွေးသူ (Panelist) အဖြစ်ဖိတ်ကြားခဲ့ပြီး ၎င်းတို့ဘက်မှလည်းအဆင်ပြေကြောင်းပြောဆိုခဲ့သည်။ သို့သော်လည်း နေ့လည်ပိုင်း ၁ နာရီခွဲကျော်အထိ NLD ဘက်မှ ရောက်မလာသောကြောင့် ဒီဘိတ်ကို NLD မပါဘဲ ပြုလုပ်ခဲ့ရသည်။

“ အစပိုင်းမှာတော့ NLD က ဦး Shiang Hu ကို ကျနော်တို့ဖိတ်တယ် အဆင်ပြေတယ် လာခဲ့မယ်လို့ပြောတယ်၊ ဒီဘိတ် ကျင်းပမယ့်ရက် မနက်ပိုင်း ၁၀ နာရီလောက်မှာ ကျန်းမာရေးအရ မလာနိုင်ကြောင်း၊ သူ့အစား ချင်းပြည်နယ် NLD ဗဟို ကော်မတီဝင်လည်းဖြစ် ဟားခါးခရိုင် NLD ကော်မတီဥက္ကဌ ဦး Huah Chhum ကို လွှတ်လိုက်မယ်လို့ပြောတယ်၊ ဒါပေမယ့် NLD ကနေ ဘယ်သူမှရောက်မလာကြဘူး’’ ဟု Khonumthung အယ်ဒီတာ ဆလိုင်းရောဘတ်ကပြောသည်။

ဆက်လက်ပြီးသူက “ ဒီဘိတ်ဆိုတာ ဒီမိုကရေစီစနစ်ရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တယ်၊ ဒီမိုကရေစီအစိုးရဆိုပြီး တက်လာမယ့် NLD က ပုဂ္ဂိုလ်တွေ ခုလို ဒီဘိတ်ဆွေးနွေးပွဲတွေမှာ တက်ရောက်မလာတာဟာ အတော်လေးအံ့သြဖို့ကောင်းတယ်၊ ကြောက်လို့သူတို့မတက်ရဲတာလား၊ လက်ရှောင်သလားတော့မသိဘူး တကယ်ကိုစိတ်ပျက်ဖို့ကောင်းတယ်၊ ဒါ သတင်းမီဒီယာ တွေကို အလေးမထားတဲ့သဘောဖြစ်တယ်’’ ဟု ပြောသည်။

ချင်းဒီဘိတ်အစီစဉ်ကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်ခင်ကလည်း USAID နှင့် Burma News International (BNI) တို့၏ ကူညီထောက်ပံ့မှုဖြင့် Khonumthung နှင့် Chin World တို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တွင် “ ၂၀၁၅ ရွေးကောက်ပွဲ နှင့် ချင်းရေးရာဝန်ကြီးများအခန်းကဏ္ဍ’’ ဆိုသည့်ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခုဒီဘိတ်ပွဲသည် Khonumthung သတင်းဌာနမှ ပထမဦးဆုံးအကြိမ် ချင်းပြည်နယ်တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး USAID နှင့် Burma News International (BNI) တို့မှ ကူညီထောက်ပံ့သည်။

Share.

About Author

Leave A Reply

*

code