မီဇိုရမ်သတင်း စာလောကကို ချင်းစာနယ်ဇင်းသမားများ သွားလေ့လာမည်

0

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်၏ သတင်းစာလောကကို ချင်းမီဒီယာကွန်ယက်အဖွဲ့ ဦးဆောင်မှုဖြင့် ချင်းစာနယ်ဇင်း သမားများက မေလဒုတိယပတ်တွင် သွားရောက်လေ့လာကြမည်ဟုသိရသည်။

ချင်းမီဒီယာကွန်ယက်၏ ၅ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံအစည်းအဝေး၏ ဆုံးဖြတ်ချက်အတိုင်း ကွန်ယက်အဖွဲ့ဝင် များဖြစ်ကြသော ချင်းသတင်းဌာနများမှ ချင်းသတင်းစာဆရာ ၁၃ ဦး နှင့် ကွန်ယက်ဒါရိုက်တာဘုတ်အဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၁၈ ဦးတို့သည် မီဇိုရမ်ပြည်နယ်ရှိ ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာများကို သွားရောက်လေ့လာကြမည်ဖြစ်သည်။

ချင်းမီဒီယာကွန်ယက်၏ Capacity Building ဒါရိုက်တာ CL Thanga က “ မီဇိုရမ်ပြည်နယ်ဟာ မီဒီယာပိုင်းမှာ တကယ်ကို ဖွံ့ဖြိုးတိုးတက်တဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်၊ ပုံနှိပ်မီဒီယာ နဲ့ ရုပ်သံမီဒီယာ ၂ ခုစလုံးမှာ တကယ် အားကောင်းပြီး အောင်မြင် နေတာတွေ့ရတယ်၊ သူတို့က ကျနော်တို့ ချင်းမီဒီယာတွေထက် မီဒီယာလုပ်ငန်းပိုင်းမှာ ၀ါရင့်သမားတွေဖြစ်တယ်၊ သူတို့ ဆီက အတွေ့အကြုံ ပညာဗဟုသုတတွေရယူဖို့အဓိကရည်ရွယ်ပါတယ်’’ ဟု ပြောသည်။

လေ့လာရေးခရီးစဉ်အတွင်း ချင်းသတင်းသမားများသည် Mizoram Journalist Association (MJA) အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရန်စီစဉ်ထားကြပြီး အိုင်ဇောလ်မြို့ရှိ အောင်မြင်နေသော သတင်းစာတိုက်များကိုလည်းလေ့လာကြမည်ဖြစ်သည်။

“ ချင်းပြည်နယ်နဲ့ တောတောင်ရေမြေအနေအထား ရေခံမြေခံတူတဲ့ မီဇိုရမ်ပြည်နယ်လိုဒေသမှာ သတင်းစာလုပ်ငန်း စတင်လုပ် ကိုင်တဲ့အချိန်မှာ ဘယ်လိုရုန်းကန်ခဲ့ကြလဲ၊ ခုလိုအောင်မြင်နေတဲ့အခြေအနေရောက်အောင် သူတို့ဘယ်လို ကြိုးစား လုပ်ကိုင်ခဲ့ကြလဲ၊ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ၊ အဲဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားခဲ့ကြလဲ၊ ပြည်နယ် အစိုးရတွေ နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေရှိသလဲ ဆိုတာတွေကို လေ့လာကြမှာပါ၊ သတင်းစာလုပ်ငန်းပိုင်းမှာ အတွေ့ အကြုံနု နယ်နေသေးတဲ့ ချင်းမီဒီယာတွေ အတွက် သူတို့ရဲ့ အတွေ့အကြုံတွေဟာ တကယ်ကို အကျိုးရှိမယ် လို့လည်း ယုံကြည်ပါတယ်’’ ဟု ယင်းလေ့လာရေးခရီးစဉ်ကို တာဝန်ယူဦးဆောင်သူတစ်ဦးဖြစ်သည့် Khonumthung News မှ အယ်ဒီတာ ဆလိုင်းရောဘတ်က ပြောသည်။

ချင်းမီဒီယာကွန်ယက်တွင် အဖွဲ့ဝင်သတင်းဌာန ၁၃ ဖွဲ့ရှိပြီး ယင်းတို့မှာ Khonumthung News, Chin World, Hakha Post, Chinland Post, Chinland Herald, Matupi Times, Tedim Post, Zolengte, Chin Voice, Chin Thuthang, Chin Times, Zomi Times, Tahan Times စသည်တို့ဖြစ်သည်။ ယခု လေ့လာရေးခရီးစဉ်အတွက် UNDP မှ ငွေကြေးထောက်ပံ့ခြင်းဖြစ်သည်။

Share.

About Author

Leave A Reply

*

code