လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ အခြေခံမှု၏ ကောင်းကျိုး နှင့် ဆိုးကျိုးများ

0

by Thomas Thang Nou  – နိဒါန်း သီးခြားဂုဏ်အင်္ဂါလက္ခဏာရှိသော လူမျိုးတိုင်း သီးခြားနိုင်ငံထူထောင်ရမည်ဟူသော သီအိုရီသည် ပထမကမ္ဘာစစ်အတွင်း စတင် ခဲ့ပြီး ယနေ့အထိ ရှိနေသော ထင်ရှားသည့် သီအိုရီများအနက်တစ်ခုဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် လူမျိုးတစ်မျိုးသာရှိရမည်ဖြစ်ပြီး လူမျိုးစုံပါဝင်သောနိုင်ငံသည် ဤအခြေမံမှုနှင့်အညီ ပြန်လည်ဖွဲ့စည်းစေရမည်ဟူသော သဘောသက်ရောက်သည်။ လူမျိုးတစ်မျိုး သည် နိုင်ငံတစ်ခုအတွင်း အခြားသောလူမျိုးများနှင့် အတူတကွနေထိုင်ရန် ဆုံးဖြတ်နိုင်သည်။ သို့မဟုတ် ၄င်းကို သီးခြားပိုင်ဆိုင် သော လွတ်လပ်သောအစိုးရဖွဲ့စည်းရန် ဆုံးဖြတ်နိုင်သည်။ ထိုကဲ့သို့ ပြုလုပ်ရန် အခွင့်အရေးရှိရမည်။ ထို့ကြောင့် ဤအခြေခံမှုကို လူမျိုးများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဟုလည်း ဆိုကြသည်။ နိုင်ငံတစ်ခုတွင် လူမျိုးတစ်မျိုးထက် ပိုရှိနိုင်ပြီး၊ လူမျိုးတစ်မျိုးသည် နိုင်ငံတစ်ခုထက် ပို၍ ရှိနိုင်သည်။ ၂၀ ရာစုအတွင်း ဤသီအိုရီကို များစွာသောပုဂ္ဂိုလ်များက ထောက်ခံကြသည်။ အမေရိကန်သမ္မတ Woodrow Wilson သည် လူမျိုးတစ်မျိုးသည် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိကြရမည်ဟူသော အတွေးအခေါ်ရှိသူဖြစ်သည်။ သူသည် ယခု အချိန်တွင် လူမျိုးမရှိပါက ကျွန်အဖြစ် ကြာရှည်စွာ ကျန်ရစ်နိုင်သည်ဟူသော ရှူထောင့်အမြင် ရှိခဲ့သည်။

ကောင်းကျိုးများ

 (၁) ဤ သီအိုရီသည် ဒီမိုကရက်တစ် အခြေခံမှုများအပေါ်တွင် အခြေပြုသည်

ယခုခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်သည်။ ဒီမိုကရေစီသည် ပြည်သူလူထုအားဖြင့် ပြည်သူလူထုအတွက်နှင့် ပြည်သူလူထု၏ အစိုးရဖြစ်သည်။ ဒီမိုကရေစီ လွတ်လပ်မှု၊ ညီမျှမှုနှင့် ညီအစ်ကိုရင်း စိတ်ဓာတ်ရှိမှုများကို ထောက်ခံထားသည်။ အကယ်၍ နိုင်ငံ တစ်ခု၏ ပြည်သူလူထု (သို့မဟုတ်) လူမျိုးအား ၄င်းတို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲခွင့်၊ ကိုယ်စားလှယ်များ ရွေးချယ် ခွင့်၊ အစိုးရဖွဲ့စည်းခွင့်များကို ပေးထားပါက လွတ်လပ်မှု၊ ညီမျှမှုနှင့် ညီအစ်ကိုရင်းဖြစ်မှု ခံစားချက်များလည်း ဖြစ်ရိုးဖြစ်စဉ်အတိုင်း ပုံမှန်တိုးတက်မည်။ ပြည်သူလူထုတို့သည် စိတ်ဓါတ်အပြည့် စည်းလုံးညီညွတ်မှု၊ အပြန်အလှန် ကိုယ်ချင်းစာနာမှုနှင့် ချစ်ခင်မြတ်နိုး မှုစသည့် ဒီမိုကရေစီအခြေခံများ ရှိလာကြသည်။

(၂) သဘာဝဖြစ်ရိုးစဉ် လိုအင်ဆန္ဒတစ်ခုဖြစ်သည်

လူမျိုးတစ်မျိုးက သူတို့ကိုယ်တိုင်ပိုင်ဆိုင်သော နိုင်ငံတစ်ခုထူထောင်ရန် လိုလားသော လိုအင်ဆန္ဒသည် သဘာဝပင် ဖြစ်သည်။ လူတို့၏ သဘောသဘာဝအရ လွတ်လပ်မှုကို လိုချင်ကြသည်။ လူမျိုးတစ်ခုဖြစ်ခြင်း စိတ်ဓါတ်အပြည့်ရှိသူများ၊ အခြားလူမျိုးများနှင့် မတူကွဲပြားသည်ဟု သူတို့ကိုယ်သူတို့ ခံယူသူများတို့သည် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ ခံစားမှုစွဲမြဲသည်။ ထိုသူများတို့သည် အခြားသူများထံ ခယဝပ်ထွားမှု မပြုလိုကြပေ။ နိုင်ငံရေးဆိုင်ရာလွတ်လပ်မှု၏ အခြေခံသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး ခေတ်သစ်ကာလ တွင် မှန်ကန်ကြောင်း ထင်ရှားပေါ်လွင်နေသည်။

(၃) တည်ငြိမ်သော အစိုးရတစ်ခု ဖွဲ့စည်းပေးသည်

အကယ်၍ လူမျိုးတစ်မျိုးတည်း နိုင်ငံတည်ထောင်ခဲ့ပါက အစိုးရသည် တည်ငြိမ်ပြီး ကြံ့ခိုင်မည်။ လူမျိုးတစ်မျိုးတည်း ပြည်သူလူထုက အစိုးရယန္တရား လည်ပတ်စေသည်။ ၄င်းတို့ကိုယ်ပိုင် အစိုးရ၏ ညွှန်ကြားချက်များကို ပြည်သူတို့က နာခံကြမည်၊ ကောင်းကျိုးရလဒ် ရရှိကြမည်။ အစိုးရကို လူမျိုးတရပ်လုံးက ထောက်ခံကြမည်။ အစိုးရသည် ၄င်း၏ လုပ်ငန်းအကောင်အထည်ဖော်မှုများ ပြီးမြောက် အောင် ဆောင်ရွက်ရာတွင် မိမိကိုယ်ကိုမိမိ ယုံကြည်မှု အပြည့်ရှိမည်။ ပြည်သူလူထုကလည်း ၄င်းတို့၏ ဓလေ့ထုံးစံများ၊ ရိုးရာ စဉ်လာများ၊ အနုပညာနှင့်စာပေ၊ စကားနှင့်ယဉ်ကျေးမှုများ တိုးတက်ဖွံ့ဖြိုးအောင် အစိုးရက ကြိုးပမ်းဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်စိတ်ချမှုရှိကြမည်။ ထို့ကြောင့် ပြည်သူလူထုသည် ၄င်းတို့ ဆုံးရှုံးမှုမဖြစ်စေရန်အလို့ငှါ အစိုးရနှင့်ပူးပေါင်းဆောင်ရွက်မှု အလိုဆန္ဒ တိုးပွားလာမည်။ လူမျိုးစုံဖြင့် ဖွဲ့စည်းထားသောအစိုးရသည် ပူးပေါင်းဆောင်ရွက်မှု အမြင့်ဆုံးစံချိန် မရနိုင်သည့်အပြင် ကျဆုံးမှုက အမြဲခြိမ်းခြောက်နေသည်။

(၄) နိုင်ငံအတွင်း ငြိမ်းချမ်းမှုနှင့် ချမ်းသာကြွယ်ဝမှု ကောင်းစေသည်

အမျိုးသားတစ်ခုနိုင်ငံတွင် နေထိုင်ကြသော ပြည်သူလူထုတို့သည် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်မှု၊ ဆီလျော်ညီညွတ်မှု နှင့် အညီ နေထိုင်ကြပြီး ၄င်းအခြေအနေမှ နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှုရှိလာသည်။ အကယ်၍ လူမျိုးပေါင်းစုံနေထိုင် သော နိုင်ငံဖြစ်လျှင် တိုင်းပြည်လူထုအကြား ဘာသာစကား၊ လူ့အတန်းအစား၊ ဘာသာရေး၊ အနုပညာနှင့်စာပေ၊ ဓလေ့ထုံးစံနှင့် ရိုးရာအစဉ်လာများ အခြေခံပေါ်တွင် အငြင်းပွားမှုများ ထွက်ပေါ်လာမည်။ နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ငြိမ်းဝပ်ပိပြားမှုရှိသော လူမျိုးတစ်ခုနိုင်ငံတွင် ပြည်သူလူထုတို့သည် စည်းစနစ်ကျကြပြီး ချမ်းသာကြွယ်ဝလာကြသည်။ အမျိုးသားနိုင်ငံတစ်ခုတွင် ငြိမ်းချမ်းမှု နှင့် ကြွယ်ဝချမ်းသာမှုရှိသည်။

(၅) လူနည်းစုများ ပြဿနာကို နိဂုံးချုပ်စေသည်

အမျိုးသားတစ်ခုတည်းနိုင်ငံတွင် လူနည်းစုများ မရှိသည့်အတွက်ကြောင့် လူနည်းစု လူ့အဖွဲ့အစည်းများနှင့်ပတ်သက်၍ ပြဿနာ များ မရှိပေ။ ခေတ်သစ်တွင် လူမျိုးစုံနိုင်ငံများသည် လူနည်းစုများနှင့်ပတ်သက်၍ အမျိုးမျိုးသောပြဿနာများ ကြုံတွေ့နေကြသည်။ ၄င်းပြဿနာများကို လွယ်ကူစွာ မဖြေရှင်းနိုင်ပေ။ ၄င်းပြဿနာများနှင့်ပတ်သက်၍ အများစုလူ့အဖွဲ့အစည်းက လေ့လာပြီး အတတ် နိုင်ဆုံး ဖြေရှင်းကြသော်လည်း လူနည်းစု၏ မကျေနပ်မှုများသည် ကျန်ရစ်နေဆဲဖြစ်သည်။ လူနည်းစုများ၏ ပြဿနာများကို ဖြေရှင်း ရန် အကောင်းဆုံးသောနည်းလမ်းမှာ လူနည်းစု လူ့အဖွဲ့အစည်းတစ်ခုစီကို ကိုယ်ပိုင်ပြဌာန်းခွင့်ပေးရမည် ဆိုသည့်အချက်ပင် ဖြစ်သည်။

(၆) ပိုမိုတိုးတက်မှုအတွက် ဖြစ်နိုင်ခြေများခြင်း

လူမျိုးစုံနိုင်ငံတွင် လူနည်းစုများတို့သည် ၄င်းတို့ တိုးတက်မှုအတွက် အခွင့်အခါကောင်းများ မည်သည့်အခါမျှ မရရှိနိုင်သော ရှုထောင့်အမြင် အမြဲတမ်းရှိနေကြသည်။ ဤအချက်က လူအများစုလူ့အဖွဲ့အစည်းတို့ထံတွင် အာဏာရှိကြသော်လည်း တိုးတက်မှု တစုံတရာမျှ မပြုလုပ်ပေးနိုင်ဟူသော တွေးခေါ်မှု ဖြစ်ပေါ်စေသည်။ လူများစု လူ့အဖွဲ့အစည်း၏ အုပ်ချုပ်မှုအောက်တွင် အကောင် အထည်ဖော်ဆောင်ရွက်သော တိုးတက်မှုဆိုင်ရာများသည် လူများစု လူ့အဖွဲ့အစည်းအတွက်သာ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ ပြည်သူလူထုတရပ်လုံးက တိုးတက်မှုဆောင်ရွက်ခြင်းဆိုင်ရာ အခွင့်အခါကောင်းမရရှိကြပေ။ အကယ်၍ လူနည်းစု လူ့အဖွဲ့အစည်း တစ်ခုစီက ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိကြမည်ဆိုလျှင် ၄င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒနှင့်အညီ အရာရာကို ပြီးမြောက်အောင် လုပ်နိုင်ကြ မည်။ အမျိုးသားတစ်ခုတည်းနိုင်ငံတွင် အထက်ဖော်ပြပါ လူများစုလူ့အဖွဲ့အစည်းနှင့် အနည်းစုလူ့အဖွဲ့အစည်း ပြဿနာမရှိ သလောက်ဖြစ်သည်။ ပြည်သူလူထုသည် မျိုးချစ်စိတ်ဓာတ်တိုးတက်မှုနှင့်အညီ တိုးတက်မှုများအတွက် ပိုမိုဖြစ်ပေါ်နိုင်ခြေရှိသည်။

(၇) တစ်ပါတီ အာဏာရှင်ဝါဒကို ထိန်းသိမ်းသည်

လူမျိုးပေါင်းစုံနိုင်ငံတွင် အမျိုးမျိုးကွဲပြားခြားနေသော လူမျိုးများက မတူကွဲပြားသော ယဉ်ကျေးမှုများအသီးသီး ပိုင်ဆိုင်ကြသည်။ မတူကွဲပြားမှုများကို လက်မခံသော အာဏာရလူမျိုးစုသည် အခြားလူမျိုးများ၏ ယဉ်ကျေးမှုများကို အသိအမှတ်မပြုသည့်အတွက် တစ်နိုင်ငံလုံးအတွက် စံသတ်မှတ်ထားသော သို့မဟုတ် ပုံစံတူသော မှုသေယဉ်ကျေးမှုတစ်ခုကို အင်အားသုံး၍ ပြည်သူလူထု အတွင်း သွတ်သွင်းရန် ကြိုးစားမည်။ ဤသို့ဖြင့် လူမျိုးကို အပြန်အလှန်အသိအမှတ်မပြု ယဉ်ကျေးမှုဖျက်ဆီးရန် ကြိုးစားလာသော အခါ အခြားလူမျိုးစုများနှင့် ပဋိပက္ခဖြစ်လာသည်။ ဤ အမျိုးသားပြဿနာများကို အကြောင်းပြပြီး တစ်ပါတီအာဏာရှင်ဝါဒ ထွက်ပေါ်လာတတ်သည်။ လူမျိုးပေါင်းစုံနေထိုင်သော နိုင်ငံတွင် တစ်ပါတီအာဏာရှင်ဝါဒ မပေါ်ပေါက်ရန် လူမျိုးတစ်ခု နိုင်ငံတစ်ခု မှုအတိုင်း ဆောင်ရွက်လျှင် ကာကွယ်နိုင်သည်။ တဖက်တွင် “အမျိုးမျိုးမတူကွဲပြားခြားနားခြင်းသည် လူ့ဘဝကို သင်းရနံ့မွေးကြိုင် စေပြီးသာဖွယ်ကောင်းအောင် ဖန်တီးပေးသည်” ဟူသော ကျော်ကြားသည့်စကားပုံကို လက်ခံရန်ပင်ဖြစ်သည်။ ကွဲပြားသော လူမျိုး များက ကွဲပြားသောယဉ်ကျေးမှုများကို လွတ်လပ်စွာ အသီးသီးပိုင်ဆိုင်ကြမှသာ ပိုမိုလှပသော နိုင်ငံကြီးနှင့်ကမ္ဘာကြီးကို ဖန်တီးနိုင် မည်။ ကွဲပြားခြားနားသော လူမျိုးများက ကိုယ်ပိုင်အစိုးရ ဖွဲ့ခွင့်ရှိကြမှသာ ကမ္ဘာကြီးတွင် ကွဲပြားခြားနားသော ယဉ်ကျေးမှုများကို ထိန်းသိမ်းနိုင်မည်။ လွတ်လပ်သော အဆောက်အအုံများရှိမှသာ နိုင်ငံတစ်ခုတွင် ကွဲပြားသော အမျိုးသားများကို ပြန်လည်သင့်မြတ် စေမည်။

(၈) နယ်ချဲ့ဝါဒကို အဆုံးသတ်စေသည်

လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံက နယ်ချဲ့ဝါဒကို အဆုံးသတ်စေသည်။ အချို့သောနိုင်ငံကြီးတို့သည် ၄င်းတို့၏ အချုပ်အချာအာဏာ ကို ၄င်းတို့၏ ကိုယ်ကျိုးရည်ရွယ်ချက်များ အောင်မြင်ရန်နှင့် ၄င်းတို့၏ နယ်မြေများတို့ချဲ့ရန် သေးငယ်သော နိုင်ငံများအပေါ် အင်အားနှင့်အာဏာသုံး၍ အတင်းပြုလုပ်လိုက်နာစေသည်။ ထိုကဲ့သို့သော နယ်ချဲ့နိုင်ငံတစ်ခုသည် ၄င်းလက်အောက်ခံနိုင်ငံ ပြည်သူလူထုကို မိမိတို့အကျိုးအတွက် အသုံးပြုကြပြီးတပြိုင်နက် နှိပ်စက်ကလူပြုကြသည်။ အကယ်၍ အမျိုးသား တစ်ခုတည်း နိုင်ငံ သီအိုရီကို လက်တွေ့အကောင်းအထည်ဖော်နိုင်လျှင် နယ်ချဲ့ဝါဒသည် အဆုံးသတ်ရန် အာမခံချက်ရှိမည်။ ဤသို့ဖြင့် နယ်ချဲ့ ဝါဒ နိဂုံးချုပ်မည်ဖြစ်ပြီး ကမ္ဘာစစ်ဖြစ်ရန်လည်း မလိုတော့ပေ။ ဤအခြေခံမှုကို လွတ်လပ်မှု၏ စရိုက်အဖြစ် သိရှိကြသည်။

(၉) အင်အားရှိသော နိုင်ငံဖြစ်ပေါ်စေသည်

လူမျိုးတစ်ခုနိုင်ငံတွင် ခိုင်မာသောအမျိုးသားစည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်သည်။ ပြည်သူလူထုက အမျိုးသားတစ်ခုကို ပိုင်ဆိုင်ကြသောကြောင့် စိတ်အာရုံတွင် တစ်ခုဖြစ်ခြင်း မုချရှိကြသည်။ စည်းလုံးညီညွတ်မှုတည်ဆောက်ရာတွင် ပြည်သူလူထုက လူမျိုးအတွက် အသက်ရှင်ပြီး လူမျိုးက ပြည်သူအတွက်ဖြစ်သည်ဟူသော တွေးခေါ်မှုကြောင့် စည်းလုံးမှုအင်အား အလွန်ကောင်း စေသည်။ နိုင်ငံသားတိုင်းက လူမျိုးနှင့်နိုင်ငံကာကွယ်ရန် ကိုယ်စိတ်နှစ်ဖြာ အမြဲပြင်ဆင်ထားပြီးဖြစ်သည်။ အရေးပေါ်ကာလအတွင်း အမျိုးသားစည်းလုံးညီညွတ်မှုအင်အား ပိုမိုကြီးထွားလာပြီး နိုင်ငံကအရေးပေါ်ကိစ္စကို ခိုင်ခိုင်မာမာ ရင်ဆိုင်နိုင်သည်။

(၁၀) သမိုင်းဆိုင်ရာ ထောက်ခံမှု

လူမျိုးတစ်ခု နိုင်ငံတစ်ခုမှုအရ တည်ထောင်သောနိုင်ငံသည် အကောင်းဆုံးနိုင်ငံဖြစ်သည်ဟူသောအချက်ကို ယနေ့နိုင်ငံများက သက်သေပြလျက်ရှိသည်။ အမျိုးသားတိုင်း နိုင်ငံရေးနိုးကြားလာပြီး လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားလာခဲ့ကြသည်။ နောက်ဆုံးတွင် လွတ်လပ်ရေးရရှိကြသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ကိုလိုနီနိုင်ငံများ အမျိုးသားနိုင်ငံရေးနိုးကြားလာပြီး ကိုယ်ပိုင်ဆုံးဖြတ်ခြင်း အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပြီး နောက်ဆုံး၌ လွတ်လပ်ရေးအောင်ပွဲ ခံခဲ့ကြသည်။

ဆိုးကျိုးများ

 (၁) နိုင်ငံများအားလုံးကို ဖရိုဖရဲပြိုကွဲခြင်းသို့ ဦးတည်လိမ့်မည်

အကယ်၍ လူမျိုးတစ်ခု နိုင်ငံတစ်ခုကို လက်ခံပါက ခေတ်ပေါ်နိုင်ငံများအားလုံးတို့သည် အစိတ်အပိုင်းများအဖြစ်သို့ ပြိုကွဲသွား ကြမည်။ အကယ်၍ ဘာသာစကား၊ လူမျိုးနွယ်နှင့် ဘာသာရေးတို့ကို အခြေခံသော အမျိုးသားများအားလုံး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ပေးထားပါက နိုင်ငံကြီးအားလုံးနှင့် သက်တမ်းရင့်နိုင်ငံများအားလုံး ဖရိုဖရဲ ပြိုကွဲကြလိမ့်မည်။ ရုရှားနိုင်ငံ တစ်ခုတည်းတွင် ပင် အမျိုးသားပေါင်း (၁၅၄) မျိုးရှိသည်။ ဤသီအိုရီနှင့်ဆိုရင် ရုရှားနိုင်ငံတွင် (၁၅၄) ခုသော လွတ်လပ်သောနိုင်ငံများ ပေါ်ပေါက် လာမည်။ ဆွီဇာလန်နိုင်ငံသည် (၃) နိုင်ငံအဖြစ် ပြိုကွဲသွားလိမ့်မည်။ ဤ ချို့ယွင်းအားနည်းချက်များကို လက်ကိုင်ပြုသည့် အမြင်ရှိ သူသည် လူမျိုးတစ်ခုနိုင်ငံကို နှစ်သက်ကြလိမ့်မည် မဟုတ်ပေ။ အချို့လူများတို့သည် ၄င်းတို့၏ ပုဂ္ဂလိကဆိုင်ရာ ရည်ရွယ်ချက်များ အောင်မြင်ရန်နှင့် သီးသန့်နိုင်ငံ တောင်းဆိုရန်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အလွဲသုံးစားပြုလိုကြသည်။ အမျိုးသားတစ်ခုသည် သေးငယ်သော ယူနစ်အစိတ်အပိုင်းအဖြစ် ထပ်၍ ကွဲသွားနိုင်ပြီး အဆိုပါယူနစ်များက ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုနိုင်သည်။

(၂) အမှုများစွာတွင် လူမျိုးတစ်ခုနိုင်ငံတစ်ခု တည်ထောင်ရန် မဖြစ်နိုင်ချေ

တိကျသော နယ်နမိတ်ရှိမှုသည် လူမျိုးတစ်ခုတည်ဆောက်မှုအတွက် လိုအပ်သော လက္ခဏာတစ်ခုဖြစ်သည်။ ၄င်းလူမျိုး၏ အဖွဲ့ဝင် များတို့သည် ကမ္ဘာအနှံ့ နေထိုင်နိုင်သည့်အတွက် တိကျသတ်မှတ်ထားသော နေရာတစ်ခုတွင် အတူတကွနေထိုင်နိုင်ရန် မဖြစ်နိုင် ပေ။ ထို့ကြောင့် ပျံ့နှံ့စွာနေထိုင်သောလူများကို အထူးနေရာတစ်ခုတွင် နေထိုင်ရန် ပြုလုပ်အားထုတ်ခြင်းသည် မဖြစ်နိုင်ပေ။ လူမျိုး တစ်ခုသည် ကမ္ဘာအနှံ့ ပြန့်ကျဲစွာနေထိုင်ကြပြီး ပထဝီနယ်မြေ ဆက်စပ်မှုလည်းမရှိပါက နိုင်ငံတစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်ရန် ခက်ခဲသည်။ ပြန့်ကျဲစွာနေထိုင်သောလူမျိုးကို ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မပေးနိုင်ပေ။

(၃) လူမျိုးတစ်ခုတည်းနိုင်ငံသည် စီးပွားရေးဖက် အားနည်းစေသည်

လူမျိုးတစ်ခုနိုင်ငံတစ်ခု သီအိုရီနှင့်အညီ အမျိုးသားနိုင်ငံများ ထူထောင်မည်ဆိုပါက ကြီးမားသောနိုင်ငံများသည် သေးငယ်သော နိုင်ငံများအဖြစ်သို့ ကွဲသွားကြမည်မှာ သဘာဝဖြစ်ပြီး ထိုကဲ့သို့ ကွဲသွားခြင်းက သေးငယ်သောနိုင်ငံများအပေါ် စီးပွားရေးအရ အားနည်းအောင် မုချ အကျိုးသက်ရောက်စေသည်။ နိုင်ငံတစ်ခုစီအတွက် လုံးလောက်မှု ရှိနိုင်မည်မဟုတ်ပေ။ အချို့နိုင်ငံများသည် သဘာဝအရင်းအမြစ်များ အပိုအလျှံရှိကြမည်ဖြစ်သော်လည်း အချို့နိုင်ငံများကမှု မရှိဘဲ သို့မဟုတ် နည်းနည်းပါးပါးသာ ရှိကြမည်။ ဤသို့ဆိုလျှင် ပိုမိုသေးငယ်သော နိုင်ငံများတို့သည် ပိုကြီးသောနိုင်ငံများအပေါ် မှီခိုအားထားကြလိမ့်မည်ဖြစ်ပြီး ၄င်းတို့၏ လွတ်လပ်ရေးသည် အဓိပ္ပါယ်မရှိ ဖြစ်သွားမည်။

(၄) လူမျိုးအားလုံးတို့က ကိုယ်ပိုင်အစိုးရအတွက် စွမ်းအားမရှိကြပေ

လူမျိုးတစ်မျိုးနိုင်ငံတစ်ခု သီအိုရီ၏ အခြားချို့ယွင်းချက်တစ်ခုမှာ လူမျိုးတိုင်းက ကိုယ်ပိုင်အစိုးရအတွက် စွမ်းဆောင်နိုင်ရည် မရှိကြ သောကြောင့် တကယ့်လက်တွေ့တွင် အကောင်အထည်မဖော်နိုင်သည့် အချက်ပင်ဖြစ်သည်။ လူမျိုးတစ်မျိုးသည် ဘုံလူမျိုးအနွယ်၊ ဘုံဘာသာစကား၊ ဘုံဘာသာနှင့် ဘုံယဉ်ကျေးမှု … စသည့်အချက်များကြောင့် စိတ်ဓာတ်အရ စုစည်းညီညွတ်ကြပြီး အလံတစ်ခု အောက်တွင် စည်းလုံးကြသည်မှာ အမှန်ဖြစ်သော်လည်း ကိုယ်ပိုင်အစိုးရအတွက် စွမ်းဆောင်နိုင်ရည်မရှိပါက အုပ်ချုပ်ရေးနှင့် စီမံ ခန့်ခွဲမှုတို့ကို မစွမ်းဆောင်နိုင်သောကြောင့် စစ်မှန်သောအမျိုးသားရေးခံစားမှု ထိုလူမျိုး အဖြစ်ပေါ်စေနိုင်ပါ။ အချို့လူမျိုးတို့သည် ကိုယ်ပိုင်အစိုးရ ဖွဲ့စည်းနိုင်လောက်အောင် စွမ်းဆောင်ရည်မရှိဘဲ သီးခြားနိုင်ငံ ထူထောင်ကြသောအခါ ကောင်းကျိုးထက် ပျက်စီး အကျိုးယုတ်မှုက အစားထိုတတ်သည်။

(၅) အပြည်ပြည်ဆိုင်ရာ ပြဿနာပိုများစေသည်

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခြင်း (ကိုယ်ပိုင်ပြဌာန်းခြင်း) အခြေခံမှုက အပြည်ပြည်ဆိုင်ရာ ပြဿနာအားလုံးကို ပြီးဆုံးစေလိမ့်မည် ဟူသော ယူဆချက်မှာ အားလုံးမမှန်ကန်ပါ။ ထိုမှုက ကမ္ဘာ့ငြိမ်းချမ်းရေးကို ရရှိစေမည်ဖြစ်သော်လည်း အမှန်မှာ ၄င်းမှုက ပြဿနာ အသစ်များကို ထပ်ဖြစ်ပေါ်စေသည်။ လူမျိုးများကိုအခြေခံပြီး နိုင်ငံများ၏ နယ်နိမိတ်သတ်မှတ်ရေးမှာ မလွယ်ကူပေ။ ပိုမိုကြီးမား သောနိုင်ငံများကို သေးငယ်သောနိုင်ငံများအဖြစ်သို့ အခွဲခံရမည်မှာ သဘာဝပင်ဖြစ်သည်။ ထွက်ပေါ်လာသော နိုင်ငံများ၏ နယ်မြေ၊ နယ်စပ်၊ နယ်နိမိတ်နှင့်ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်လာမည်။ လူမျိုးစုနိုင်ငံများဆိုင်ရာ ဖြစ်ရိုးဖြစ်စဉ် နယ်နိမိတ် များ သတ်မှတ်နိုင်ရန် မဖြစ်နိုင်ပေ။ ကမ္ဘာ့နိုင်ငံများအကြား ယခုအထိရှိနေသော နယ်မြေဆိုင်ရာနှင့် အခြားကိစ္စဆိုင်ရာများသည် လျော့နည်းလာခြင်းထက် တိုးပွားမှု ပိုဖြစ်စေသည်။ အကယ်၍ နိုင်ငံတစ်နိုင်ငံသည် အခြားနိုင်ငံများက ဝိုင်းထားပြီး ထိုနိုင်ငံသည် အခြားနိုင်ငံများနှင့် ကူးသန်းရောင်းဝယ်မှုပြုလုပ်ပါက ပင်လယ်လမ်းကြောင်းလည်း မရှိသည့်အတွက် အပြန်အလှန် အငြင်းပွားမှု များသည် နိုင်ငံတကာအကြား ပေါက်ဖွားမည်ဖြစ်ပြီး ယင်းပြဿနာက အပြည်ပြည်ဆိုရာ ပြဿနာများအဖြစ်သိုက ရောက်ရှိစေမည်။

(၆) စစ်ကို လှုံ့ဆော်ပေးသည်

လူမျိုးတစ်ခုနိုင်ငံကို ရည်မှန်းချက်ထားပြီး အကောင်အထည်ဖော်လျှင် နိုင်ငံကြီးများသည် သေးငယ်သော နိုင်ငံများအဖြစ်သို့ ကွဲသွားမည်ကိုလည်းကောင်း၊ နိုင်ငံအများအပြား ပေါ်ပေါက်လာမည်ကိုလည်းကောင်း၊ နိုင်ငံများ၏ နယ်နိမိတ်ပြဿနာများ ရှိကြမည်ကိုလည်းကောင်း၊ အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ နိုင်ငံများ၏ နယ်နိမိတ်ပြဿနာများကို အခြေခံ၍ အခြားအငြင်းပွား မှုပြဿနာများ ပိုမိုနက်ရှိုင်းလာပြီး ကမ္ဘာ့စစ်တစ်ခု ဖြစ်ကောင်းဖြစ်စေနိုင်သည်။ မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံတို့သည် လွတ်လပ်ရေး ရှေ့ဆင့်နောက်ဆင့် ရရှိလာသောအခါ ယနေ့အထိ နယ်စပ်အငြင်းပွားမှု ပြဿနာများ အသီးသီးရှိနေခဲ့သည်။ မြန်မာနှင့် ထိုင်းနိုင်ငံ အကြားတွင်လည်းကောင်း၊ အိန္ဒိယနှင့်တရုတ်၊ အိန္ဒိယနှင့် ပါကိစ္စတန် အကြားတွင်လည်းကောင်း နယ်စပ်ပြဿနာများ ရှိနေသည်။

(၇) နယ်ချဲ့ဝါဒကို အားပေးအားမြှောက် ပြုသည်

အမျိုးသားနိုင်ငံများတို့သည် ပြင်ပသွင်ပြင်အားဖြင့် တိုးတက်ကြမည်ဟု ယူဆရသော်လည်း အင်အားမရှိ သေးငယ်ချိနဲ့သော နိုင်ငံ၏ လုပ်ထုံးလုပ်နည်းကြောင့် ဘက်ပေါင်းစုံကျဆင်းမှုဖက် ဦးတည်မည်။ သေးငယ်သောနိုင်ငံများက ကြီးမားသောနိုင်ငံများ အပေါ် မှီခိုကြလိမ့်မည်ဖြစ်ပြီး ထိုသို့ မှီခိုအားထားမှုသည် နယ်ချဲ့ဝါဒကို တိုးမြှင့်စေလိမ့်မည်။ သေးငယ်သော နိုင်ငံများက နိုင်ငံများ အပေါ် စီးပွားရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးတို့တွင် ငွေကြေး၊ ပစ္စည်း၊ စစ်တပ်… မှီခိုမှုကြာရှည်လာလျှင် ထိုနိုင်ငံငယ်သည် နိုင်ငံ ကြီး၏ သြဇာခံနိုင်ငံ ဖြစ်လာနိုင်သည်။ သို့မဟုတ် ထိုနိုင်ငံငယ်သည် အင်အားရှိလာသည်နှင့်ဘဝတူ နိုင်ငံငယ်များအပေါ် နယ်ချဲ့ ဝါဒ ကျင့်သုံးလာနိုင်သည်။

(၈) လူပုဂိုလ်ဆိုရာ လွတ်လပ်မှုများနှင့် အခွင့်အရေးများကို ပစ်ပယ်ခြင်း

လူမျိုးတစ်ခုနိုင်ငံသည် တပါတီအာဏာရှင်ဝါဒကို အမြဲတမ်းဆန့်ကျင်ပြီး လွတ်လပ်မှုနှင့်ကိုယ်ပိုင်ပြဌာန်းခြင်းတို့ကို အားပေး အားမြှောက်ပြုသည်ဟု ဖော်ပြကြသော်လည်း သမိုင်းတွင် ဤအချက်မှန်ကန်ကြောင်း အထောက်အထား မတွေ့ရပေ။ ဂျာမနီနိုင်ငံ သည် လူမျိုးတစ်ခုတည်း နိုင်ငံဖြစ်ခဲ့သော်လည်း ဟစ်တလာ သည် အာဏာရှင်တစ်ဦးဖြစ်လာပြီး သူက ပြည်သူလူထု၏ လွတ်လပ်မှုကို အတင်းအဓမ္မ လုယူခဲ့သည်။ အီတလီနိုင်ငံတွင်လည်း မွတ်ဆိုလိုနီသည် အာဏာရှင်တစ်ဦးဖြစ်လာခဲ့သည်။ ရုရှား နိုင်ငံတွင်လည်း အာဏာရှင်စံနစ် ကျင့်သုံးခဲ့သည်။ လူမျိုးတစ်ခု အမျိုးသားနိုင်ငံများတွင် ပြည်သူလူထုတို့သည် လွတ်လပ်မှု အပြည့်အဝ မရရှိကြသည့်အတွက် မပျော်ရွှင်နိုင်ကြပေ။ ထို့ကြောင့် သေချာသည်မှာ လူမျိုးတစ်ခုတည်းနိုင်ငံတွင် ပြည်သူလူထုတို့ ၏ လွတ်လပ်မှုနှင့်အခွင့်အရေးများသည် ပစ်ပယ်ခံရပြီး ဆက်ဆံရေး မကောင်းပေ။

(၉) ဒီမိုကရေစီကို လိုလားခြင်းမရှိပေ

ကမ္ဘာ့ပေါ်တွင် ဆွီဇာလန်နိုင်ငံသည် ဒီမိုကရေစီအဖြစ်ဆုံးနှင့် တိုက်ရိုက်ဒီမိုကရေစီ ကျင့်သုံးသောနိုင်ငံအဖြစ် သိထားကြသည်။ ဆွီဇာလန် ပြည်သူပြည်သားများတို့သည် အမျိုးသား (၃) ခုကို ပိုင်ဆိုင်ကြတာ ဘာသာစကား (၃) မျိုး ပြောဆိုကြပြီး၊ ကွဲပြားသော ဘာသာအယူဝါဒ (၃) မျိုး ရှိကြသည်။ ဆွီနိုင်ငံသားများ အမျိုးသား (၃) မျိုး ဖြစ်ကြသော်လည်း ယနေ့တိုင် ဒီမိုကရေစီ လုပ်ထုံး လုပ်နည်းနှင့်အညီ အောင်အောင်မြင်မြင် လုပ်ဆောင်နေထိုင်ကြသည်။ တဖက်တွင် ပါကိစ္စတန်နှင့် တရုတ်နိုင်ငံတို့သည် အမျိုးသား တစ်ခုတည်းနိုင်ငံများ ဖြစ်ကြသော်လည်း ဒီမိုကရေစီကို လိုက်နာဆောင်ရွက်ခြင်း မရှိကြသည့်အပြင် ဒီမိုကရေစီကျင့်သုံးရန် အလှမ်းဝေးနေဆဲဖြစ်သည်။

(၁၀) ယဉ်ကျေးမှုဆိုရာ ပျက်စီးယိုယွင်းခြင်း

လူမျိုးတစ်ခုတည်းနိုင်ငံတွင် ယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ တိုးမြှင့်ခြင်း၊ အောင်မြင်ခြင်းတို့အတွက် အခွင့်အခါ မကောင်းပေ။ Lord Acton သည် လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြသော နိုင်ငံတစ်ခုဖြစ်စေကာမှု ယဉ်ကျေးမှု အခွင့်အခါကောင်း ရှိကြသည်ဟူသော အမြင်ရှိသူဖြစ်သည်။ ကွဲပြားသော အမျိုးသားများတို့သည် များပြားပြီး ကွာခြားသော အရည်အချင်းများရှိကြပြီး ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ အပြန်အလှန်ကူညီမှု ပေးကြသည်။ ခေတ်နောက်ကျသော လူ့အဖွဲ့အစည်းများ ဖြစ်ကြသည့်တိုင် အောင် ရှေ့ပြေးနေသော လူ့အဖွဲ့အစည်းများနှင့် ထပ်တူဖြစ်စေရန် ဆက်ဆံကြခြင်းဖြင့် တိုးတက်စေနိုင်သည်။ အခြားတဖက်တွင် လူမျိုးတစ်ခုတည်းနိုင်ငံသည် သူပိုင်နိုင်ငံဖြစ်ခြင်းကြောင့် ယဉ်ကျေးမှုသည် ရှေ့တိုးမည့်အစား ပို၍ ပျက်စီးယိုယွင်းလာနိုင်သည်။

(၁၁) လူမျိုး (သို့မဟုတ်) လူမျိုးဖြစ်ခြင်း အဓိပ္ပါယ်ဖွင့်ဆိုရန် ခက်ခဲသည်

လူမျိုး (အမျိုးသား) ဖြစ်မှုကို ဃဃနန အဓိပ္ပါယ်မဖွင့်ဆိုနိုင်သောကြောင့် ဝိုးတိုးဝါးတား ဖြစ်မှုများနှင့် လုံးထွေးရောစပ်သဖြင့် ရှူပ်ထွေးသည့်အရာတစ်ခု ဖြစ်သည်။ ၄င်းက တာဝန်ယူမှုများစွာ ဖန်တီးပေးသည်။ လူမျိုးဖြစ်ခြင်းသည် ပြင်ပဆိုင်ရာ လက္ခဏာ များအားဖြင့် ဆုံးဖြတ်ချက်မချနိုင်သော စိတ်ပိုင်းဆိုင်ရာ လက္ခဏာတစ်ခု ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မှန်ကန်သောအခြေခံမှု သို့မဟုတ် သီအိုရီ ဖြစ်သော်လည်း လက်တွေ့ လုပ်ကိုင်၍မရဘဲ ဖြစ်ရသည်။

နိဂုံးချုပ် နှင့် ဝေဖန်သုံးသပ်ခြင်း

အမျိုးသားနိုင်ငံများတို့သည် အမှန်ပင် အသုံးဝင်၊ အကျိုးရှိသည် မှန်သော်လည်း များစွာသော အကြောင်းကိစ္စများတွင် လူမျိုး ပေါင်းစုံနိုင်ငံများက လူမျိုးတစ်ခုတည်း နိုင်ငံများအပေါ် စံချိန်ချိုးသည်။ ယခုခေတ်တွင် လူမျိုးတစ်ခု နိုင်ငံတစ်ခု သီအိုရီသည် များစွာ အောင်မြင်သည့် သက်သေအထောက်အထား မရှိတော့ပေ။ အကယ်၍ ကွဲပြားသောလူမျိုးများတို့သည် နိုင်ငံတစ်ခု၏ စီမံခန့်ခွဲမှု အောက်တွင် အတူနေကြရန် သဘောတူ လက်ခံခဲ့ကြလျှင် ယင်းကဲ့သို့သော လူမျိုးများ (အမျိုးသားများ) တို့သည် မပြိုပျက်နိုင်ပါ။ နိုင်ငံတစ်ခုတွင် ကွဲပြားသော လူမျိုးများက စိတ်ပျက်ပြားနေပြီး နိုင်ငံတစ်ခုအတွင်း အတူတကွနေထိုင်ရန် မလိုလားကြတော့သည့် အခြေအနေတွင် ၄င်းတို့ကို အာဏာစက်ဖြင့် အဓမ္မ နေထိုင်စေ၍သာ အတူနေထိုင်လျှင် ဤနိုင်ငံသည်လည်း မင်းမဲ့နိုင်ငံကဲ့သို့ ဒုက္ခရောက်လိမ့်မည်။ ဤကဲ့သို့ ပြုလုပ်မှုသည် လူမျိုးတစ်ခုတည်းနိုင်ငံ သီအိုရီတစ်ခုသာ အလုပ်ဖြစ်လိမ့်မည်။ အကယ်၍ နိုင်ငံ တစ်ခု၏ စီမံခန့်ခွဲမှုအောက်တွင်ရှိကြသော ကွဲပြားသည့် အမျိုးသားများတို့သည် အကြောင်းအမျိုးမျိုးကြောင့် မပျော်ရွှင်တော့ဘဲ များစွာသော စိတ်နာကျဉ်းမှုများ ပြသကြပြီး တခါတရံ ထိုစိတ်နာကျဉ်းမှုများ၏ လှုံ့ဆောင်မှုကြောင့် အမျိုးသားဆိုရာ ထကြွလှုပ်ရှား မှုနှင့် အမျိုးသားဆိုင်ရာ ရုန်းကန်မှုပေါ်ပေါက်လျှင် တိုင်းပြည်သည် ပြင်းထန်သော နိုင်ငံရေးဆိုင်ရာ ဒုက္ခများစွာ ရောက်စေသည်။ နိုင်ငံတစ်ခု၏ စီမံခန့်ခွဲမှုအောက်တွင် ရှိကြသော ကွဲပြားသည့် လူမျိုးများ (အမျိုးသားများ) အားလုံး ကျေနပ်နှစ်သိမ့်မှု ရရှိစေရန် အတွက် နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုရရှိရန် လိုအပ်ကြောင်း သက်ဆိုင်ရာနိုင်ငံတိုင်းက သတိထားကြရမည်။ ထိုကဲို့သော အမှုကိစ္စတွင် လူများစုအမျိုးသားများတို့က လူနည်းစု အမျိုးသားများအပေါ် ရှေ့ရှူပြီး ကိုယ်ချင်းစာနာမှု ရှိကြရမည်။ ထိုကဲ့သို့ သော နိုင်ငံတွင် ဖက်ဒရယ်စံနစ်သည် အကောင်းဆုံးနှင့် အထိရောက်ဆုံးဖြစ်ပြီး လက်တွေ့ အကောင်အထည်ဖော် အောင်မြင်ကြောင်း ယနေ့ ကမ္ဘာ့ဖက်ဒရယ်နိုင်ငံကြီးများနှင့် သမိုင်းဖြစ်ရပ်များက အခိုင်အမာ သက်သေထူလျက် ရှိသည်။

(သောမတ်စ် ထန်နိုး မှ စုဆောင်းတင်ပြသည် )

Share.

About Author

Leave A Reply

*

code