ကျေးရွာအခြေပြုခရီးသွားလုပ်ငန်း ရွာ ၃ ရွာမှ လုပ်ငန်းများစတင်ဆောင်ရွက်

0

ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်ပြီး ကျေးရွာအခြေပြုခရီးသွားလုပ်ငန်း ပထမခြေလှမ်း အဖြစ် ချင်းပြည်နယ်မြို့နယ် ၃ ခု ရွာ ၃ ရွာကို ရွေးချယ်ကာ စတင်အကောင်ထည်ဖော် နေပြီဖြစ်ကြောင်းသိရသည်။

Community Based Tourism (CBT) ခေါ် ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းစတင်ဆောင် ရွက်ရန် ချင်းပြည်နယ်အစိုးရမှ ပထမခြေလှမ်းအဖြစ်ရွေးချယ်ထားသည့်ရွာများမှာ ကန်ပက်လက်မြို့နယ်မှ ဆော်လောင်း၊ ဖလမ်းမြို့နယ်မှာ တာရွှန်းနှင့် တီးတိန်မြို့နယ်မှ လိုင်လိုကျေးရွာတို့ဖြစ်သည်ဟု သြဂုတ်လ ၂၂ ရက်နေ့က ကလေးမြို့မင်းကြီးဟိုတယ်တွင်ပြုလုပ်သော ချင်းပြည်နယ်အစိုးရ၏ ရက် ၁၀၀ စီမံကိန်း အကောင်ထည်ဖော် ဆောင်မှု သတင်းစာရှင်းလင်းပွဲတွင် ချင်းပြည်နယ် လျှပ်စစ်၊ စည်ပင်နှင့် စက်မှု/လက်မှု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ချင်းပြည်နယ်၏ အမြင့်ဆုံးတောင် ခိုနူမ်းသုန်(ခေါ်)၀ိတိုရိယတောင်ခြေရင်းတွင်တည်ရှိပြီး ကန်ပက်လက်မြို့မှ ၃ မိုင်အကွာ တွင်တည်ရှိသော ဆော်လောင်းကျေးရွာကို ပထမဆုံးအနေဖြင့် အစိုးရသစ် ရက် ၁၀၀ စီမံကိန်း အတွင်း အကောင် ထည် ဖော်ဆောင်ရွက်နိုင်ခဲ့ကြပြီး ပွင့်လင်းရာသီတွင် နိုင်ငံခြားခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်တော့မည်ဟု ၀န်ကြီးက ပြောသည်။

“ ကျနော်တို့ရက် ၁၀၀ အတွင်းမှာ စပြီးတော့ မြန်မြန်ဆန်ဆန်လုပ်နိုင် တာကတော့ ဆော်လောင်း ကျေးရွာ ဖြစ်ပါ တယ်၊ အစိုးရရယ် Action Aid Myanmar နဲ့ Forever Top Company တို့ပူးပေါင်းပြီး လုပ်ငန်း ဆောင်ရွက်နေပြီဖြစ်ပါတယ်၊ အခု ရွာမှာ ဧည့်သည်တွေလာရောက်တည်ခိုးဖို့အတွက် လိုအပ်တဲ့ ဂေဟာ စဆောက်နေပါပြီ၊ ပွင့်လင်းရာသီရောက်တာနဲ့ ခရီး သည်တွေစပြီးတော့ပို့ဆောင်ပေးမှာဖြစ်ပါတယ်’’ ဟု ၀န်ကြီးကပြောသည်။

အိမ်ခြေ ၃၀ ခန့်ရှိသည့် ဆော်လောင်းကျေးရွာသည် ကန်ပက်လက်မြို့မှ ၁၅ မိနစ်ခန့်သွားရပြီး ချိုးမျိုးနွယ်စုများ နေထိုင် သည့်ကျေးရွာဖြစ်သည်။

နောက်ထပ်ရွေးချယ်ထားသော တာရွှန်းနှင့် လိုင်လိုကျေးရွာကိုလည်း စိတ်ဝင်စားသော ခရီးသွားလုပ်ငန်း ကုမ္ပဏီ များနှင့် ချိပ်ဆက်ပြီး ဆက်လက်အကောင်းထည်ဖော်ဆောင်သွားမည်ဟု ၀န်ကြီးအိုက်ဇက်ခင် ကပြောသည်။

တာရွန်းကျေးရွာသည် ဖလမ်းမြို့မှ ၃ မိုင်ခန့်ရှိပြီး နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်၏ ရွာဖြစ်ပြီး သမိုင်း အစဉ်အလာ အထောက်အထားနှင့်ရှိသည့်ရွာဖြစ်သည်။ မဏိပူရမြစ်၏ မလှမ်းမကမ်းတွင်တည်ရှိပြီး နေထွက်ချိန်ကို စောင့်ကြည့်၍ရသော ရွာတစ်ရွာဖြစ်သည်။

အလားတူ လိုင်လိုကျေးရွာသည်လည်း တီးတိန်မြို့မှ ၃ မိုင်ခန့်ရှိပြီး မဏိပူရမြစ်နဘေး တောင်စောင်းတွင် တည်ရှိ သည့်ရွာဖြစ်သည်။ ရှေးယခင်က ချင်းလူမျိုးများနေထိုင်ကြသည့် ချင်းရိုးရာအိမ် များတွေ့မြင်နိုင်ပြီး နေ၀င်ချိန် ကို စောင့်ကြည့်၍ရ သော ကျေးရွာဖြစ်ပါသည်။

Share.

About Author

Leave A Reply

*

code