(၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန်ဖိတ်ကြားထား

0

(၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန်ဖိတ်ကြားထား

ခိုနူမ်းသုန်သတင်း၊ ၁၄ ဇန်န၀ါရီ ၂၀၁၇

ချင်းပြည်နယ် ဖလမ်းမြို့တွင် ကျင်းပပြုလုပ်မည့် (၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ရန် ချင်းပြည်နယ်အစိုးရမှ ဖိတ်ကြားထားသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၆၉) နှစ်မြောက်ချင်းအမျိုးသားနေ့ကို ဖလမ်းမြို့တွင် ချင်းပြည်နယ်အစိုးရ ၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းနှင့်တူ ဖလမ်းမြို့တည်ခြင်း ၁၂၅ နှစ်ပြည့်၊ ဖလမ်းမြို့တော်ခန်းမနှင့် ပြည်သူ့ဆေးရုံနှစ် (၁၀၀) ပြည့်အခမ်းအနားတို့တို့ တပြိုင်တည်းကျင်းပကြမည်ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးရန် နိုင်ငံတော်အကြီးအကဲ နှစ်ဦးကို ချင်းပြည်နယ်အစိုးရမှဖိတ်ကြားထားပြီး တက်ရောက်နိုင်မည်ဟုမျှော်လင့်ကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွေ့ကပြောသည်။ “ ကျနော်တို့အစိုးရအနေနဲ့ ဖိတ်ကြားထားပြီးပါပြီ၊ တက်ဖို့အစီစဉ်တော့ရှိတယ်လို့သိရတယ်၊ ဒါပေမယ့် အချိန်နီးလာရင် ဘယ်လိုအခြေအနေရှိမယ်ဆိုတာတော့ အတည်ပြုလို့မရသေးဘူးနော်၊ ကျနော်တို့မျှော်လင့်ထားပါတယ်’’ ဟု ဦးဇိုဘွေ့က ခိုနူမ်းသုန်ကိုပြောသည်။

စစ်အစိုးရအဆက်ဆက်က ကျင်းပခွင့်ပိတ်ပင်ခံခဲ့ရသည့် ချင်းအမျိုးသေားနေ့အခမ်းအနားကို ချင်းပြည်နယ်တွင် ၂၀၁၃ ခုနှစ်ကစ၍ တရားဝင်ပြန်လည်ကျင်းပခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားနေ့အဖြစ် စတင်ပေါက်ဖွားလာရာ ဖလမ်းမြို့တွင် ကျင်းပပြုလုပ်မည့် ချင်းအမျိုးသားနေ့ကို အားကစားပွဲတော်၊ ရိုးရာအကပဒေသာများနှင့် Chin Got Talent ပြိုင်ပွဲအစီစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန်စီစဉ်ထားကြသည်ဟုသိရသည်။

Share.

About Author

Leave A Reply

*

code