CNF ငြိမ်းအဖွဲ့ ချင်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း စတင် အကောင်ထည်ဖော်

0

May 3, 2012 by khonumthungburmese

ချင်းပြည်နယ်အစိုးရ နှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် အရ ချင်းအမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့ ဆက်ဆံရေးရုံးထားရှိမည့် ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ ဘုံတလာ ခန်းမဆောင်  တွင် ပထမ ဦးဆုံးအကြိမ် Public Consultation (လူထု နှင့် တွေ့ဆုံဆွေးနွေးခြင်း) ကို ယနေ့ မေလ ၃ ရက်နေ့တွင် စတင်လိုက်ပြီဖြစ်သည်။

မေလ ၇ ရက် နှင့် ၈ ရက်နေ့များတွင် ဟားခါးမြို့၌ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရန် ချင်းပြည်နယ် ကို ရောက်ရှိနေသော ချင်းအမျိုးသားတပ်ဦးမှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ၁၇ ဦးတို့သည် ချင်းပြည်နယ်အစိုးရအဖွဲ့ များ နှင့် အတူ မနေ့က မတူပီမြို့သို့ ရောက်ရှိကာ ယနေ့ မေလ ၃ ရက်နေ့ နံနက် ၈ နာရီမှ ၁၂ နာရီအထိ ဒေသခံ လူထု ၃ ထောင်ခန့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ နှင့် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် များအား ဒေသခံပြည်သူလူထုများနှင့် မိတ်ဆက်ခြင်းအစီစဉ်များ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ အစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေး နွေးရသည့် အကြောင်းရင်းများကိုလည်း CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင် ဒေါက်တာရွှေခါရ်းက တက် ရောက်လာသော ပြည်သူလူထုကို ရှင်းလင်းပြောကြားခဲ့သည်။

“ အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်းမှာဘဲ နိုင်ငံရေး ဆွေးနွေးရအောင်ဆိုတဲ့ဟာကို သူတို့ဘက်ကလည်း လက်ခံ တယ်၊ ကျနော်တို့ဘက်ကလည်း လိုလားတဲ့တွက်ကြောင့် အားလုံးသိကြတဲ့တိုင်းဘဲ ပထမအကြိမ် တွေ့ဆုံဆွေးနွေး ပွဲကို လုပ်နိုင်ခဲ့ ကြတယ်၊ တချို့ကတော့ ပြောကြတယ် အခုအစိုးရကလည်း အရင်က အစိုးရပါဘဲ ဘာလို့အခုမှ ဒီလို ပြောင်းလဲ လာတာ လဲ ကျနော်တို့ဘက်ကကော် ယုံကြည်နိုင်စရာရှိလားဆိုပြီးတော့ မေးမြန်းကြတာတွေ ရှိပါတယ်၊ သံသယစိတ် ကတော့ နှစ်ဦး နှစ်ဘက်မှာရှိပါတယ်၊ ဒါ ဓမ္မတာပါဘဲ ဒီသံသယတွေကြားထဲ မှာ နှစ်ဘက်စလုံးမယုံကြည်မှုတွေကြားထဲမှာ၊ ငြိမ်းချမ်းရေး တည်ဆောက်ရမယ်ဆိုတာက လွယ်သလိုလို နဲ့ တော်တော်ခက်ပါတယ်၊ ငြိမ်းချမ်းရေးလိုချင်ရင်တော့ ဒီသံသယကို ခဏ ထားဦး၊ အချင်းချင်းစကားပြောကြအောင် ဒီကောင့်ကို ငါမယုံဘူး၊ ဟိုကောင့်ကို ငါမယုံဘူးဆိုရင် ဘယ်တော့မှ ဒီငြိမ်းချမ်းရေး က ဖြစ်လာမှာမဟုတ်ဘူး ဒါကြောင့် ကျနော်တို့ဘက်ကလည်း စကားပြောတာပေါ့ဆိုပြီး စကားပြောရခြင်းဖြစ်တယ်’’ ဟု အစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရခြင်းအကြောင်းနှင့် ပတ်သက်ပြီး ဒေါက်တာရွှေခါရ်း က ပြည်သူလူထုကို ရှင်းပြပြောဆိုခဲ့ သည်။

ယခုကဲ့သို့ အစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည့်အချိန်တွင်လည်း ချင်းအမျိုးသားတပ်ဦး၏ ရပ်တည်ချက်ဖြစ်သော ကိုယ် ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နှင့် ဒီမိုကရေစီထွန်းကားရေး ဆိုသည့် အချက် ၃ ချက်ကို ကိုင်စွဲ ထားကြောင်း ဒေါက်တာရွှေခါရ်းက ပြည်သူလူထုကို ဆက်ရှင်းပြခဲ့သည်။

မတူပီမြို့သည် CNF ဆက်ဆံရေးရုံးထားရှိမည့် နေရာဖြစ်ပြီး  CNF အနေနဲ့ ချင်းပြည်နယ်အတွင်း ပထမဆုံးအကြိမ် Public Consultation  ပြုလုပ်ခြင်းဖြစ်သည်။

CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် မနက်ဖြန်တွင် မတူပီမြို့မှ ဟားခါးမြို့သို့ ပြန်လည်ထွက်ခွါမည်ဟု သိရပြီး မေလ ၇ နှင့် ၈ ရက်နေ့များတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးကြမည်ဖြစ်သည်။

ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စု ၀န်ကြီးများဖြစ်သော မီးရထားဝန်ကြီး ဦးအောင်မင်း၊ သစ်တောရေးရာ ၀န်ကြီး ဦးဝင်းထွန်းတို့အပါအ၀င် အခြားသော ပြည်ထောင်စု ၀န်ကြီးများလည်း လာရောက်ကြမည်ဟု သိရသည်။

ထို့အပြင် ကနေဒါအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆလိုင်း ဘွေးလျန်မန်း နှင့် နော်ဝေးနိုင်ငံမှ ပညာရှင် Asley South တဦးလည်း လေ့လာသူအဖြစ် တက်ရောက်ကြမည်ဖြစ်သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးတွင် CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့ဆက်ဆံရေး ရုံးဖွင့်လှစ်မည့် ဒေသ တခုဖြစ်သော ထန်တလန်မြို့နယ်သို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးကြ မည်ဖြစ်သည်။

CNF နှင့် ချင်းပြည်နယ်အစိုးရတို့သည် ပြီးခဲ့သော ဇန်န၀ါရီပထမအပတ်က ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို ပြည်နယ်မြို့တော် ဟားခါးတွင် တွေ့ဆုံခဲ့ကြပြီး အချက် ၉ ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ယခု တကြိမ် ထပ်မံဆွေးနွေးမည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် သဘောတူ ညီ ချက် အချက် ၉ ချက်အပေါ်အခြေခံကာ အသေးစိတ် ဆွေးနွေးကြမည်ဖြစ်သည်။

မတူပီ မြို့ ဘုံတလာ ခန်းမဆောင်တွင် ပြုလုပ်သော ပထမဆုံးအကြိမ် CNF ၏ Public Consultation တွင် ချင်းပြည် နယ် အစိုးရမှ ၀န်ကြီးချူပ် ဦးဟုန်းငိုင်း၊ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ လမ်းပန်းဆက် သွယ်ရေး နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးငွန်ဆန်းအောင်၊ ချင်းပြည်နယ်လွှတ်တော် ဒု ဥက္ကဌ ဦးအုန်းလွင်၊ မင်းတပ်၊ ကန်ပက်လက် နှင့် မတူပီ မြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

Share.

About Author

Comments are closed.