ချင်းပြည်နယ်အစိုးရပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ မီဒီယာသမားများအား ကြိုတင်ကန့်သတ်မှုများရှိနေ

0

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ်လ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားကြပြီး တက်ရောက်သတင်းယူကြမည့် မီဒီယာသမားများအပေါ် ကြိုတင်ကန့်သတ်မှုများရှိနေသည်ဟု သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်မည့် အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တက်ရောက် သတင်းယူကြမည့် သတင်းသမားများအနေဖြင့် မေးမြန်းလိုသည့် မေးခွန်းများကို သြဂုတ်လ ၁၃ ရက်နေ့နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး မီဒီယာအဖွဲ့(၁)ဖွဲ့လျင် အများဆုံးမေးခွန်း(၃)ခုသာ မေးမြန်းခွင့်ရှိမည်ဖြစ်ကြောင်း မီဒီယာအဖွဲ့အစည်းများအား ဖိတ်ကြားသည့်စာတွင်ဖော်ပြထားသည်။

ဟားခါးပိုစ်အယ်ဒီတာချူပ် ကိုပါပွီးက “ မနေ့က ကျနော်တို့ကိုလာဖိတ်တယ်၊ ခုလိုမျိုးပြည်နယ်အစိုးရရဲ့ တစ်နှစ်တာလုပ်ငန်း ရှင်းလင်းပွဲပေါ့နော် ကျနော်တို့မီဒီယာကိုဖိတ်ပြီးလုပ်တာတော့ အင်မတန်တော့ကောင်းပါတယ်၊ ဒါပေမယ့်သူတို့လုပ်တာက မီဒီယာတစ်ခုက မေးခွန်း(၃)ခုဘဲမေးခွင့်ရှိမယ်၊ အဲဒီမေးခွန်းကိုတောင်မှ ဒီလ (၁၃) ရက်နေ့ နောက်ဆုံးအမှီပို့ရမယ်အဲဒါမျိုး၊ ပြီးတော့အဲဒီမေးခွန်းကို ပေးထားတဲ့အချိန်အတွင်းဘဲမေးရမယ်၊ အချိန်ပြီးသွားလို့ရှိရင်တော့ မေးခွင့်မရှတော့ဘူး ဆိုတော့ ဒါမျိုးက မဖြစ်သင့်ဘူးလို့ထင်တယ်၊ မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ထားသလိုဖြစ်နေတယ်’’ ဟု ပြောသည်။

ချင်းဝေါလ်မီဒီယာ အယ်ဒီတာချူပ် ဆလိုင်းဟုန်းထွန်းဂေကလည်း အစိုးရနှင့်ပြည်သူကြား ပေါင်းကူးတံတားသဘွယ် ပြည်သူများ သတင်းသိရှိခွင့်အတွက် ဆောင်ရွက်နေကြသည့် မီဒီယာများအပေါ် ယခုကဲ့သို့ ကန့်သတ်မှုမျိုး မရှိသင့်ဘူးဟု ပြောသည်။ “အစိုးရအနေနဲ့ မီဒီယာသမားတွေကို မေးခွန်းဘယ်လောက်ကိုပဲမေးပါ၊ အချိန်ဘယ်လောက်ပဲရမယ်ဆိုတာ မျိုးကန့်သတ်စရာမလိုဘူးလို့ထင်တယ်။ အစိုးရက သူတို့လုပ်တဲ့လုပ်ရပ် ကိုပြည်သူအများသိအောင်ချပြဖို့ဆိုတာ သူတို့တာဝန်ဖြစ်တယ်။ ပြည်သူတွေရဲ့သတင်းသိရှိခွင့်အတွက် ကြားကနေဆောင်ရွက်ပေးတဲ့ သတင်းသမားတွေကို ကန့်သတ်ဖို့မလိုပါဘူး။ သတင်းစာရှင်းလင်းပွဲကို ဘယ်အချိန်ကနေဘယ်အချိန်ထိ လုပ်မယ်ဆိုတာပြောရုံနဲ့ပြီးတဲ့ကိစ္စပါ။ ဒါဆိုရင် သတင်းသမားတွေကလည်း အဲဒီကာလအတွင်း ဘာကိုလိုရင်းတိုရှင်းနဲ့မေးမလဲဆိုတာသိပြီးသားပါ။ မေးခွန်းကြိုပို့ခိုင်းတယ်ဆိုတာကလည်း သူတို့ဖက်က ပြင်ဆင်စရာ၊ ဖြေကြားစရာ အတွက် ကြိုတင်ပြင်ဆင်လို့ရအောင်ဆိုပေမယ့် သူတို့ရဲ့ပွင့်လင်းမြင်သာစွာ ချပြရမယ့်လုပ်ငန်းစဉ်တွေ၊ အချက်အလက်တွေအဆင်သင့်ထားဖို့သူတို့တာဝန်ပဲဖြစ်တယ်။ သတင်းသမားကတော့ သိသင့်သိထိုက်တာတွေ ဘယ်ကိစ္စဖြစ်ဖြစ်မေးရမှာပဲ။ အစိုးရက သတင်းစာရှင်းလင်းပွဲလုပ်ဖို့ပြောပြီး အဲလိုကန့်သတ်ချက်တွေလုပ်တာကတော့ သူတို့စိတ်ကြိုက်သတင်းစာရှင်းလင်းပွဲလုပ်တာကိုလာ နားထောင်ခိုင်းတာနဲ့တူနေမှာပေါ့’’ ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်ကတော့ ၀န်ကြီးများအနေဖြင့် ပြည့်ပြည့်စုံစုံအဖြေပေးနိုင်ရန်အတွက် မေးခွန်းကြိုမေးရခြင်းဖြစ်ကြောင်း၊ အချိန်ရှိပါက မေးခွန်း (၃) ခုထက်မနည်းမေးမြန်းနိုင်ကြောင်းပြောဆိုသည်။

“ကြိုမေးခွန်းပို့ဆိုတဲ့ဥစ္စာက တစ်ချို့မေးခွန်းက ကြိုပြင်လို့ရအောင် တစ်ချို့အချက်အလက်လေးတွေ ချက်ချင်း on the spot ဖြေရရင် ပြည့်ပြည့်စုံစုံမဖြစ်မှာစိုးလို့ ကြိုမေးထားတာဖြစ်မှာပါ၊ မေးခွန်း (၃) ခုဆိုတာကတော့ လာတဲ့သတင်းဌာနအားလုံးက စုံစုံလင်လင်မေးနိုင်ဖို့ပေါ့နော် မေးစေချင်တဲ့သဘောပေါ့လေ တစ်ခါတလေဖြစ်တတ်တယ်လေ တစ်ယောက်ကဘဲ မေးခွန်းတွေအကုန်မေးလိုက်တော့ ကျန်တဲ့သူတွေက မေးစရာအချိန်မရှိဖြစ်မှာစိုးလို့ပေါ့နော် အဲဒီတွက်ကြောင့်မို့လို့ ကိုယ်ကတော့ (၃) ခုတော့မေးပါပေါ့ ဒါမယ့် ကိုယ်ထပ်မေးချင်လဲ မေးလို့ရတယ်လေ အချိန်ကိုကြည့်ပေါ့ အချိန်လည်းရှိသေးတယ်ဆိုရင် ထပ်မေးပေါ့” ဟု ၀န်ကြီးဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များသတင်းစာရှင်းလင်းပွဲကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် သြဂုတ်လ (၁၅) ရက်နေ့ မွန်းလွဲပိုင်း (၂) တွင် စတင်ကျင်းပမည်ဖြစ်ပြီး ချင်းပြည်နယ် ၀န်ကြီးချူပ်နှင့် ၀န်ကြီးများအားလုံးတက်ရောက်ကြမည်ဟုသိရသည်။

Share.

About Author

Leave A Reply

*

code