မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲမှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၏ တင်ပြဆွေးဆွေးချက်

0

By Dr. Lian H. Sakhong

အားလုံးမင်္ဂလာပါ

ခုလို ကျနော်တို့ အရေးကြီးတဲ့ကာလ၊ သမိုင်းမှာ ငြိမ်းချမ်းရေးကို ဆင်နွှဲနေတဲ့ကာလမှာ ငြိမ်းချမ်းရေးအကြောင်းကို ပြောခွင့်ရ တဲ့အတွက် အင်မတန်မှာ မင်္ဂလာရှိပါတယ်လို့ ကျနော် ခံစားမိပါတယ်။ ဒါကြောင့် ဒီလိုစီစဉ်ပေးတဲ့ ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီးနဲ့ စီစဉ်ဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်အားလုံးကို အထူးပဲကျေးဇူးတင်ရှိတဲ့အကြောင်းကို ပြောကြားလိုပါတယ်။ ကျနော်က ခုန မိတ်ဆက်ပေး သလို ချင်းအမျိုးသားတပ်ဦးရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်ပါတယ်။ ပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ လက်ရှိဆင်နွှဲနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အကြောင်းလေးကို တင်ပြချင် ပါတယ်။ ဒီလိုတင်ပြတဲ့နေရာမှာလည်းပဲ ကျနော်တစ်ဦးတည်းအမြင်လည်း မဟုတ်၊ ကျနော်တို့ ချင်းအမျိုးသားတပ်ဦးရဲ့အမြင်လည်း မဟုတ်ဘဲနဲ့ ကျနော်တို့အားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ရည်မှန်းချက် (၃) ခုကို တင်ပြချင်ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆောင်ရွက်ခြင်းအားဖြင့်၊ နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပခြင်းအားဖြင့် ကျနော်တို့ ဘာကို ရရှိချင်သလဲဆိုတဲ့ ကျနော်တို့ရဲ့မျှော်မှန်းချက်လေးကို တင်ပြချင်ပါတယ်။ ဒီမျှော်မှန်းချက် (၃) ရပ်ကို တင်ပြပြီးရင်  ဒီမျှော်မှန်းချက် (၃) ရပ်ကို ရောက်ရှိ နိုင်ဖို့အတွက် ကျနော်တို့ရင်ဆိုင်နေတဲ့စိန်ခေါ်ချက်တွေကိုလည်း တင်ပြသွားမှာဖြစ်ပါတယ်။

နံပါတ် (၁) အနေနဲ့ တင်ပြချင်တာကတော့ အခု ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းနဲ့ ပြည်ထောင်စုအစိုးရ ကြားမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို ၂၀၁၅၊ အောက်တိုဘာလ (၁၅) ရက်မှာ ချုပ်ဆိုပြီးတဲ့နောက်ပိုင်းမှာ အခု ဒီနိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပနိုင်ဖို့အတွက်၊ ကျနော်တို့တိုင်းပြည်မှာ ဆင်နွှဲနေတဲ့ နှစ်ပေါင်း (၇၀) နီးပါးကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းစေဖို့အတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးဆွေး နွေးပွဲတွေ ကျင်းပပါတယ်။ ဒီလိုကျင်းပနိုင်ဖို့အတွက် နံပါတ်တစ်အနေနဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ရေးဆွဲတယ်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို (၆) နေရာမှာ ကျင်းပတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သုံးကြိမ်သုံးခါ ကျင်းပ ပြီးတော့ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတချို့ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီ ဖြစ်စဉ်က နေပြီးတော့ ကျနော်တို့အနေနဲ့ ရရှိချင်တဲ့ရလဒ်၊ ကျနော်တို့ မျှော်မှန်းတဲ့ မျှော်မှန်းချက်တွေကတော့ နံပါတ်တစ်က အင်မတန်မှ ရိုးရှင်းပါတယ်။ နံပါတ်တစ် ကျနော်တို့ရဲ့ မျှော်မှန်းချက်ကတော့ ဒီတိုင်းပြည်မှာ လွတ်လပ်ရေးရကတည်းက ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေချင်ပါတယ်။ နှစ်ပေါင်း (၇၀) နီးပါးကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီးချုပ်ငြိမ်းခြင်းဟာ ကျနော်တို့ရဲ့ပထမပန်းတိုင်ဖြစ်ပါတယ်။ ဒီပန်းတိုင်ကို ရောက်ဖို့အတွက်၊ ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေဖို့အတွက် ကြိုးစားနေတဲ့အချိန်မှာ တစ်ဘက်မှာလည်းပဲ ဒီပြည်တွင်းစစ် ဘာဖြစ်လို့ ဖြစ်ခဲ့သလဲဆိုတာကိုလည်း ကျနော်တို့ မမေ့ပါဘူး။

ဒီပြည်တွင်းစစ်မှာ၊ ဒီတိုင်းပြည်မှာ ပြည်တွင်းစစ် နှစ်မျိုးနှစ်စား ခံစားခဲ့ရပါတယ်။ ပထမတမျိုးကတော့ ၀ါဒရေးရာကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ဖြစ်တယ်။ ဒါက ဗမာပြည်ကွန်မြူနစ်ပါတီက ဦးဆောင်ပြီးတော့ တိုက်ခိုက်ခဲ့တဲ့ ပြည်တွင်းစစ်မျိုးဖြစ်ပါတယ်။ ဒုတိယ တမျိုးကတော့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို ယနေ့တိုင် အပြည့်အ၀ အကောင်အထည်မဖော်နိုင်သေးလို့ တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေး နစ်နာဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ် ဖြစ်ပါတယ်။ ပင်လုံစာချုပ်ကို အကောင်အထည်မဖော်နိုင်သေးတဲ့အတွက် ဖြစ်ပေါ်လာတဲ့ပြည်တွင်းစစ်လို့ ကျနော် ခေါ်ချင်ပါတယ်။ တချို့ကတော့ ဒါ လူမျိုးရေးပြည်တွင်းစစ်၊ လူမျိုးရေးပဋိပက္ခဆိုပြီးတော့ ပြောကြပါတယ်။ ကျနော့်အနေနဲ့ အဲဒီလိုမမြင်ပါဘူး။ လူမျိုးရေးပဋိပက္ခမဟုတ်ပါဘူး။ ကျနော်တို့ ချင်းနဲ့ဗမာ တိုက်ခိုက်တဲ့ပွဲ မဟုတ်ပါဘူး။ ချင်းနဲ့ ကချင်တိုက်ခိုက်တဲ့ပွဲ မဟုတ်ပါဘူး။ ကရင်နဲ့ မြန်မာ တိုက်ခိုက်တဲ့ပွဲ မဟုတ်ပါဘူး။ ကျနော်တို့အားလုံးက ပင်လုံစာချုပ်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံရေးမျှော်မှန်းချက် မရသေးလို့၊ ဒါကို တခြားနည်းလမ်းနဲ့ တောင်းဆိုဖို့ အခွင့်အရေးမရှိလို့ နောက်ဆုံးအဆင့်မှာ လက်နက်ကိုင်တော်လှန်ရေးတွေ ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဒီတိုင်းပြည်ရဲ့ပြဿနာဟာ ပင်လုံမှာမျှော်မှန်းခဲ့တဲ့၊ ပင်လုံစာချုပ်မှာ ဖော်ပြခဲ့တဲ့ ပင်လုံစိတ်ဓာတ်၊ ပင်လုံကတိ က၀တ်တွေနဲ့ ပြန်လည်အကောင်အထည်ဖော်နိုင်ရင် ဒါ ပြေလည်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

အဲဒီပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်ဖို့အတွက်ပဲ ကျနော်တို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဘက်က ဘယ်လို မြင်သလဲဆိုတော့ အခု ကျင်းပနေတဲ့ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို (၂၁) ရာစုပင်လုံလို့ ကျနော်တို့က ခေါ်ပါတယ်။ ကျနော်တို့ဘက်က (၂၁) ရာစုပင်လုံလို့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ ပင်လုံစာချုပ်ကို အကောင်အထည်မဖော်နိုင်သေးလို့ ဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကို (၂၁) ရာစုပင်လုံမှာ ဆွေးနွေးညှိနှိုင်းပြီးတော့ အဆုံးသတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

အဲဒီလို ပြည်တွင်းစစ်ကို အဆုံးသတ်ပြီးတဲ့နောက်ပိုင်း ဒုတိယအနေနဲ့ မျှော်မှန်းချက်တခုရှိပါတယ်။ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်ပြီးတော့ နဂိုပြည်တွင်းစစ်ကို စတင်ဖန်တီးတဲ့ပြဿနာတွေကိုကော မဖြေရှင်းရဘူးလားဆိုတဲ့ မေးခွန်းရှိပါတယ်။ ထို့အတွက်ကြောင့် ပြည်တွင်းစစ်ကို စတင်ဖန်တီးလိုက်တဲ့ပြဿနာတွေကို ဖြေရှင်းပြီးတော့မှ ပင်လုံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျနော်တို့တိုင်းရင်းသားလူမျိုးအားလုံး မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုကြီးကို ပြန်လည်ထူထောင်ရေးဟာ ကျနော်တို့ရဲ့ ဒုတိယ ရည်မှန်းချက်ဖြစ်ပါတယ်။ အဲဒါကြောင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် အပိုဒ် (၁)၊ အခြေခံမူ နံပါတ်တစ်မှာ ဘယ်လိုဖော်ပြလဲဆိုတော့၊ ဒီပြည်ထောင်စုကြီးကို တို့တာဝန်အရေးသုံးပါးကို ရှေးရှု၍၊ လောကပါလ တရားများကိုပါ အခြေခံပြီး ပင်လုံစိတ်ဓာတ်နဲ့အညီတဲ့။ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများ အပြည့်အ၀ရှိသော ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုအဖြစ် ပြန်လည်ထူထောင်ရမည်ဆိုပြီး ကျနော်တို့အချင်းချင်း ကတိပေး ထားပါတယ်။ ဆိုတော့ ကျနော်တို့ရဲ့ ဒုတိယရည်မှန်းချက်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု ထူထောင်ရေးပဲ ဖြစ်ပါတယ်။ အဲဒီလို ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုထူထောင်နိုင်ဖို့အတွက် ကျနော်တို့ အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေတာဖြစ်ပါတယ်။ ထို့ကြောင့် အဲဒီ့ NCA စာချုပ်ရဲ့အပိုဒ် (၁)၊ အခြေခံမူ နံပါတ်တစ်ကို အခြေခံပြီးတော့ ကျနော်တို့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ကိုလည်း ရေးဆွဲထားပါတယ်။ အဲဒီမူဘောင်ထဲမှာ နိုင်ငံရေးကဏ္ဍမှာ ဆွေးနွေးဖို့ အကြောင်းအရာ (၂) ခုကို သတ်မှတ်ထားပါတယ်။ အဲဒီအကြောင်းရာထဲမှာ နံပါတ် (၁) ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးအဖြေရှာရမယ်လို့ ကျနော်တို့ သဘောတူထားပါတယ်။ ဒုတိယအနေနဲ့ ဒီပြည်ထောင်စုထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ လူမျိုးရေးအရ ပိုင်ဆိုင်သင့် ပိုင်ဆိုင်ထိုက်တဲ့၊ ရရှိသင့် ရရှိထိုက်တဲ့ အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်ဖို့ ကြိုးစားရမယ်ဆိုပြီး ဖော်ပြထားပါတယ်။ ဒီဟာတွေ ပြည့်စုံလို့ရှိရင် ကျနော်တို့ရဲ့အနာဂတ်ကို၊ ကျနော်တို့တိုင်းရင်းသားတွေရဲ့အနာဂတ်ကို၊ ဒီပြည်ထောင်စုကြီးထဲမှာရှိတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ရဲ့အနာဂတ်ကို နိုင်ငံရေးအရ အာမခံချက်ပေးနိုင်ပြီဆိုရင် ပြည်တွင်းစစ် ချုပ်ငြိမ်းပြီးတော့၊ အနာဂတ်လည်း အာမခံချက်ရှိမယ်၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုကြီးကိုလည်း ထူထောင်နိုင်မယ်၊ ငြိမ်းချမ်းရေးကိုလည်း ထူထောင်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီပြည်ထောင်စုကြီးကို ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်အပေါ်မှာ အခြေခံပြီးတော့ ပြန်လည်ထူထောင်ရေးဟာ ကျနော်တို့ရဲ့ဒုတိယပန်းတိုင်ဖြစ်ပါတယ်။

ကျနော်တို့ရဲ့ တတိယပန်းတိုင်ကတော့ ပင်လုံညီလာခံကတည်းကနေပြီးတော့ စပြီးတော့ အတူတကွထူထောင်ထားတဲ့ ဒီပြည်ထောင်စုကြီး ခိုင်မာဖို့၊ ဒီပြည်ထောင်စုကြီး အဓွန့်ရှည်ဖို့၊ ဒီပြည်ထောင်စုကြီးရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့ ကျနော်တို့ လိုလားပါတယ်။ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေတယ်၊ နိုင်ငံရေးကို ကျနော်တို့လိုချင်တဲ့စနစ်နဲ့ ပြန်လည်ထူထောင်တယ်ဆိုပြီးတော့ ပြည်ထောင်စုကြီး မတည်မြဲဘူးဆိုရင်၊ ပြည်ထောင်စုကြီးပြိုကွဲမယ်ဆိုရင်၊ ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာ မခိုင်မာဘူးဆိုရင် ကျနော်တို့ရရှိတဲ့ ငြိမ်းချမ်းရေးက ခိုင်မာမှာ မဟုတ်ပါဘူး။ ထို့အတွက်ကြောင့် ကျနော်တို့အားလုံး လိုလားနေတဲ့ ပြည်ထောင်စုကတော့၊ ကျနော်တို့အားလုံး ထူထောင်ထားတဲ့ ပြည်ထောင်စုကိုတော့ ခိုင်မာအောင် ထူထောင်ချင်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ တတိယ ရည်မှန်းချက်ဖြစ်ပါတယ်။

ဒီရည်မှန်းချက် (၃) ရပ်ကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ရဲ့ အခြေခံမူ နံပါတ်တစ်၊ အပိုဒ် (၁) မှာ အားလုံး ဖော်ပြထားပါတယ်။ ဒါတွေကို ကျနော်တို့ အကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေတာ ဖြစ်ပါတယ်။ ဒီလို ကျနော်တို့က ရည်မှန်းချက်ကို သတ်မှတ်ပြီးတော့၊ ရည်ရွယ်ချက်တွေကို သတ်မှတ်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနေတဲ့အချိန်မှာ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီ့ကြီးမားတဲ့စိန်ခေါ်မှုထဲမှာ နံပါတ် (၁) ကတော့ ကျနော်တို့ တိုင်းရင်းသားလူမျိုးဘက်ကနေလာတဲ့စိန်ခေါ်မှုဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများကို အာမခံချက်ပေးနိုင်တဲ့ ပြည်ထောင်စုကြီးကို ထူထောင်နိုင်မယ်ဆိုရင် လိုလားချက်ပန်းတိုင်ရောက်ပြီလို့ ကျနော်တို့ပြောလျက်ရှိပါတယ်။ သို့သော် အဲဒီလိုရဖို့ ကျနော်တို့မှာ တစ်ဘက်မှာလည်း သံသယရှိပါတယ်။ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တော်တော်များများ၊ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင် တော်တော်များများရဲ့စိတ်ထဲမှာ ဒီဟာတွေ ရဖို့အတွက်ဆိုလို့ရှိရင် နှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့၊ ပြည်ထောင်စုသမိုင်းအရ၊ ကျနော်တို့ရင်ဆိုင်နေတဲ့ပြည်တွင်းစစ် သမိုင်းအရ ဗမာတွေကို ယုံလို့မရဘူး၊ အစိုးရကို ယုံလို့မရဘူး၊ တပ်မတော်ကို ယုံလို့မရဘူး။ ထို့အတွက်ကြောင့် ကျနော်တို့ဘက်မှာ လက်နက်ကိုင်တော်လှန်ရေးမရှိဘူးဆိုရင်၊ လက်နက်ကိုင် တပ်ဖွဲ့တွေ မရှိဘူးဆိုရင် ဒါ မရနိုင်ဘူးလို့၊ ဒီလိုပဲ ယုံကြည်နေကြပါတယ်။ ဒါဟာ ဘယ်ကနေပေါ်လာတဲ့ ယုံကြည်ချက်လဲဆိုတော့ သံသယအပေါ်၊ မယုံကြည်မှုအပေါ်၊ အကြောက်တရားပေါ်မှာ ယုံကြည်လာတဲ့ယုံကြည်မှုဖြစ်ပါတယ်၊ ယူဆမှုဖြစ်ပါတယ်။ အဲဒီ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်ကနေပြီးတော့ လက်နက်ကိုင်တော်လှန်ရေး မလိုလားဘဲနဲ့၊ ပြည်တွင်းစစ်ဆင်နွှဲခြင်း မလိုလားဘဲနဲ့ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေး၊ ကျနော်တို့လိုချင်တဲ့ ပြည်ထောင်စုစနစ်၊ ကျနော်တို့လိုချင်တဲ့ အမျိုးသားတန်းတူရေးကို ရရှိနိုင်ဖို့ နည်းလမ်းရှိပါတယ်။ အဲဒီနည်းလမ်းက နိုင်ငံရေးဆွေးနွေးပွဲနည်းလမ်း ဖြစ်တယ်ဆိုတာကို ကျနော်တို့ ပြသနိုင်ဖို့ လိုပါတယ်။ အဲဒီလိုပြသနိုင်ဖို့အတွက် ကျနော်တို့တိုင်းရင်းသားအချင်းချင်း ပြသဖို့လိုအပ်သလို၊ ဒီမှာရှိတဲ့၊ ဒီတိုင်းပြည်မှာ အများဆုံးဖြစ်တဲ့ ဗမာလူမျိုးကလည်း ဒါကို ပြသပေးဖို့လိုပါတယ်။ တိုင်းရင်းသားတွေကတော့ လက်နက်ကိုင် တော်လှန်ရေးမရှိဘူးဆိုရင် ယုံကြည်မှုမရှိဘူး၊ လက်နက်ကိုင်အဖွဲ့အစည်း မရှိဘူးဆိုရင် ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီ မရနိုင်ဘူးလို့ ထင်နေကြတယ်၊ ဖက်ဒရယ်မရနိုင်ဘူးလို့ ထင်နေကြတယ်။ ဒါဆိုရင် ကျနော်တို့ ဘာလုပ်မလဲ၊ အဲဒါကို ဗမာလူမျိုးများက ကိုယ့်ကိုယ်ကိုယ် မေးခွန်းမေးပြီးတော့ ဒီအဖြေကို ကျနော်တို့နဲ့တကွ ဖြေပေးဖို့ ကျနော်တို့ မေတ္တာရပ်ခံချင်ပါတယ်။ ထိုနည်း လည်းကောင်းပဲ အများဆုံးဖြစ်တဲ့ ဗမာညီနောင်တွေက ဒီမေးခွန်းကို ဖြေသလို၊ အစိုးရဘက်ကလည်း ဒီမေးခွန်းကို မေးပြီးတော့ ကျနော်တို့ သံသယ ပပျောက်ဖို့အတွက် ဒီမေးခွန်းကို ဖြေပေးဖို့လိုပါတယ်။ ထိုနည်းလည်းကောင်းပဲ တပ်မတော်ကလည်း ဒီမေးခွန်းကို ဖြေပေးဖို့ လိုပါတယ်။

နောက် ဒုတိယစိန်ခေါ်ချက်ကတော့ အထူးသဖြင့် အစိုးရနဲ့ တပ်မတော်ဘက်ကလာတဲ့စိန်ခေါ်ချက်ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ တို့ တာဝန်အရေးသုံးပါးကို လက်ခံပြီးတော့ NCA စာချုပ်မှာ ဖော်ပြပြီးပြီ။ သို့သော် အဲဒီ့တို့တာဝန်အရေးသုံးပါးကို လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာ၊ အဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာ တပ်မတော်ဘက်၊ အစိုးရဘက်က အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ကျနော်တို့ဘက်ကလိုလားတဲ့ အဓိပ္ပာယ်က တူသလား ကျနော်တို့ ညှိနှိုင်းဖို့ လိုပါတယ်။ ကျနော်တို့အတွေ့အကြုံအရ ပြောမယ်ဆိုရင် ဒီတိုင်းပြည်မှာ ပြည်ထောင်စု မပြိုကွဲရေးကို ငါတို့သာလျှင် လုပ်နိုင်တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ငါတို့သာလျှင် လုပ်နိုင်တယ်။ ငါတို့မရှိရင် အချုပ်အခြာအာဏာ မတည်တံ့နိုင်ဘူးဆိုတဲ့ … ငါတို့ ငါတို့ ငါတို့ ဆိုတဲ့ အတွေးအခေါ်က လွှမ်းမိုးနေတယ်လို့ ကျနော်တို့က ခံစားနေရပါတယ်။ အဲဒီလို ငါတို့ ငါတို့ ငါတို့ ဆိုတဲ့ဟာကလည်းပဲ ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေး မရှိဘူးဆိုရင်ဆိုတဲ့ အကြောက်တရားနဲ့ အတူတူပဲဖြစ်ပါတယ်။ စိုးရိမ်စိတ်ကြောင့် ပေါ်လာတာဖြစ်ပါတယ်။ သံသယစိတ်ကြောင့် ပေါ်လာတာဖြစ်ပါတယ်။ အဲဒီ့အတွက်ကြောင့် ဒါကို အစိုးရနဲ့ တပ်မတော်ကလည်းပဲ ကျနော်တို့ဘက်က ကျော်လွှားဖို့လိုသလို၊ ဒီ ငါတို့ ငါတို့ ငါတို့ဆိုတဲ့ဟာကို ကျော်လွှားပြီးတော့ ကျနော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရအောင်ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ကျနော်တို့ ဒီပြည်တွင်းစစ်ကို ချဉ်းကပ်ဖို့ လိုပါတယ်လို့ ကျနော် တင်ပြချင်ပါတယ်။ အဲဒီလို ငါတို့ကနေ ပြောင်းပြီးတော့ ကျနော်တို့ အတူတကွဆိုတဲ့ ခံစားချက်မျိုးရှိမယ်ဆိုရင် ကျနော်တို့အနေနဲ့ ဒီတိုင်းပြည်မှာရှိတဲ့ နိုင်ငံသားအားလုံးရဲ့ မူလအခွင့်အရေးကို မပေးရဲစရာမရှိပါဘူး။ ပြည်သူလူထုတရပ်လုံး ခံစားသင့် ခံစားထိုက်တဲ့ ဒီမိုကရေစီအခွင့်အရေးအားလုံးကို ကျနော်တို့ မပေးရဲစရာအကြောင်းမရှိပါဘူး။ ဒီတိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးအားလုံးရဲ့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးအားလုံးကို မပေးရဲစရာ အကြောင်းမရှိပါဘူး။ ကျနော်တို့အတူတကွ ပူးပေါင်းဆောင်ရွက်ပြီးတော့ အလုပ်လုပ်ရမယ်ဆိုတဲ့ ခံစားချက်သာရှိမယ်ဆိုရင် ပြည်ထောင်စုနဲ့ ပြည်နယ်ကြားမှာ အာဏာမခွဲဝေရဲစရာအကြောင်း မရှိပါဘူး။ အာဏာခွဲဝေရဲရမယ်။ ထို နည်းလည်းကောင်း ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အားလုံးကိုလည်း ကျနော်တို့အနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မပေးရဲစရာမရှိဘူး။ ပြည်ထောင်စုအဖွဲ့ ၀င်ပြည်နယ်အားလုံးက မိမိတို့ပြည်နယ်ကံကြမ္မာကို ဖန်တီးနိုင်ဖို့အတွက်၊ စီမံခန့်ခွဲနိုင်ဖို့အတွက် သူတို့မှာ လိုအပ်တဲ့ လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ မပေးရဲစရာအကြောင်းမရှိပါဘူး။ အဲဒီ့အတွက်ကြောင့် ဒါမျိုးကို ငါတို့ကနေ ကျနော်တို့အားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်ရမယ်ဆိုတဲ့ အပိုင်းကို ချဉ်းကပ်ဖို့ လိုပါတယ်။

နောက်ဆုံးအနေနဲ့ ကျနော် တင်ပြချင်တာက ဒီပြည်ထောင်စုကြီးဟာ ပင်လုံစာချုပ်အရ တိုင်းရင်းသားလူမျိုးပေါင်းစုံက ပူးပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီ့အတွက်ကြောင့် ပြည်ထောင်စုရဲ့ပိုင်နက်နယ်နိမိတ်အားလုံး၊ အချုပ်အခြာအာဏာ အားလုံးဆိုတာ ကျနော်တို့အားလုံး အတူတကွ ပိုင်ဆိုင်ထားတဲ့၊ ကျနော်တို့အားလုံး ပူးပေါင်းပိုင်ဆိုင်ထားတဲ့ ဘုံပိုင်ဆိုင်မှုဖြစ်ပါတယ်။ ဒီဘုံပိုင်ဆိုင်မှုကို ကျနော်တို့အနေနဲ့ အတူတကွ တာဝန်ယူ၊ တာဝန်ခံပြီးတော့ ကျနော်တို့အနေနဲ့ ဒီပြည်ထောင်စုရဲ့အချုပ်အခြာအာဏာ၊ ပြည်ထောင်စုမပြိုကွဲရေး စသည့် စသည့်တာဝန်အားလုံးကို လက်တွဲပြီးတော့ တာဝန်ယူ၊ တာဝန်ခံကြတဲ့၊ လက်တွဲပူးပေါင်း ဆောင်ရွက်ကြတဲ့စနစ်မျိုးကို ထူထောင်နိုင်မယ်ဆိုရင်၊ အဲဒီလိုဟာမျိုးငြိမ်းချမ်းရေးကို ကျနော်တို့ ဖန်တီးနိုင်မယ်ဆိုရင်၊ ကျနော်တို့ အားလုံးရဲ့အနာဂတ်ဟာ အာမခံချက်ရှိတဲ့ အနာဂတ်ဖြစ်မှာဖြစ်ပါတယ်။ အာမခံချက်ရှိတဲ့အနာဂတ်ကို ဖန်တီးနိုင်ရင် ကျနော်တို့ အနာဂတ်မှာလည်းပဲ ငြိမ်းချမ်းရေးအမှန်တကယ် ရပါလိမ့်မယ်လို့ ကျနော် တင်ပြရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်တယ်။

အမေးအဖြေကဏ္ဍမှ
ကျနော့်ကို တိုက်ရိုက်မေးတဲ့မေးခွန်း (၂) ခုနဲ့ comment တစ်ခုထဲက ဖြေကြားချင်တာလေးရှိတယ်။ အဲဒါလေးကို ကျနော်ပြောပါ့မယ်။ နံပါတ် (၁) ကတော့ လူငယ်ပါဝင်ရေး၊ လူထုပါဝင်ရေး၊ ပြီးတော့ ပြည်သူ့လွှတ်တော်ပါဝင်ရေး။ အဲဒါနဲ့ဆက်စပ်ပြီးတော့ Peace Architect ကျ ဘယ်လို လုပ်သလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒီ့မေးခွန်းကို ကျနော် မေးခွန်းနဲ့ပဲ ပြန်ပြီးတော့ မေးချင်ပါတယ်။ လူကြီးမင်းတို့ ကျနော်တို့ တိုင်းပြည်မှာ တကယ့်နိုင်ငံရေးဆွေးနွေးပွဲ စတင်ပြီလို့ ထင်သလားဆိုတဲ့မေးခွန်း ကျနော် မေးချင်ပါတယ်။ ၂၀၁၂ ကတည်းက ယနေ့အထိ NCA စာချုပ်လို့ ခေါ်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို ကျနော်တို့ ဆွေးနွေးခဲ့တယ်။ ပြီးတော့ အဲဒီစာချုပ်က ကျနော်တို့ ထင်တာထက် ကြာသွားတယ်။ လပေါင်း (၂၀) ကြာတယ်။ နိုင်ငံရေးဆွေးနွေးပွဲ စမယ်ဆိုတဲ့အခါကျတော့ NCA စာချုပ်မှာပါတဲ့ လမ်းပြမြေပုံ (၇) ခုအတိုင်း မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့၊ ဒီကြားထဲမှာ ရွေးကောက်ပွဲလုပ်လိုက်တော့ ငြိမ်းချမ်းရေးကို စတင်ဖော်ဆောင်ပေးတဲ့ သမ္မတသိန်းစိန်က သမ္မတ မဖြစ်တော့ဘူး။ ထို့အတွက်ကြောင့် သူ့သက်တမ်း မကုန်ခင်လေးမှာ ကျနော်တို့က  farewell ပွဲလေးတခုလုပ်ပေးလိုက်ပါတယ်။ နှုတ်ဆက်ပွဲလေး။ အဲဒါကို ကျနော်တို့က ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံလို့ ခေါ်ပါတယ်။ နောက်တခါ NLD က နိုင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရ၀င်လာတဲ့အခါကျတော့ သူတို့ကိုလည်း ကြိုဆိုဖို့လိုပါတယ်ဆိုပြီးတော့ ဒုတိယတခါ ညီလာခံ လုပ်ပြန်ပါတယ်။ ပထမက နှုတ်ဆက်ပွဲ၊ ဒုတိယက ကြိုဆိုပွဲ၊ ဘာနိုင်ငံရေးမှ မဆွေးနွေးရပါဘူး။ ဆိုတော့ တတိယအဆင့်မှာ တလောက ကျနော်တို့ ဒီလမ်းကြောင်းအတိုင်းဆွေးနွေးရ အောင်ဟေ့ဆိုပြီး UPDJC မှာ ဆုံးဖြတ်ချက်ချတယ်။ UPDJC ဆုံးဖြတ်ချက်အတိုင်းဆိုလို့ရှိရင် NCA လက်မှတ်ကို ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ နယ်မြေအားလုံးမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့၊ ဒါပေမဲ့ အဲဒီ့အတိုင်း ကျနော်တို့ မဆောင်ရွက်နိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတာ ကျနော် မပြောချင်တော့ပါဘူး။ ဆိုတော့ ကျနော် ခြုံပြီးတော့ ပြောချင်တာ၊ ဒီလိုငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမြဲတန်း ဒီလိုနိုင်ငံရေးဆွေးနွေးပွဲကို ကျနော်တို့လုပ်မယ်၊ နှစ်ပေါင်း ၇၀ နီးပါးကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့အတွက် ကျနော်တို့ လုပ်မယ်ဆိုရင် ကျနော်တို့ လုံးဝသတိလက်လွှတ်လို့မရတာက အချက် (၂) ချက်ရှိတယ်။

ပထမတချက်က Process ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျနော်တို့ ဘယ်လိုဖန်တီးရမလဲဆိုတဲ့ Peace Architecture ပုံစံ ဖြစ်ပါတယ်။ နံပါတ် (၂) က အဲဒီငြိမ်းချမ်းရေးဖြစ်စဉ်ကနေ ဘာရလဒ်လိုချင်သလဲဆိုတဲ့ ရလဒ်ဖြစ်ပါတယ်။ Substance။ Process and Substance… ဒီနှစ်ခု လိုပါတယ်။ ကျနော့်အမြင်ကတော့ ယနေ့အထိ ကျနော်တို့ ဒုံရင်း ဒုံရင်းနဲ့ သွားနေတုန်းက Process အကြောင်းပဲ ဆွေးနွေးနေပါသေးတယ်လို့။ Process ကို ကျနော်တို့ ကောင်းကောင်းဒီဇိုင်း လုပ်ပြီးလို့ရှိရင် ကျနော်တို့စဉ်းစားတဲ့ Architect လုပ်တဲ့ပုံစံအတိုင်းဆိုရင် ကျနော်တို့ ဒီတိုင်းပြည်မှာ လှည်းနေ လှေအောင်းမကျန် ပါဝင်ဆွေးနွေးနိုင်တဲ့ အခင်းအကျင်း ပေါ်လာလိမ့်မယ်။ အဲဒီလိုပေါ်လာဖို့အတွက်ဆိုရင် ကျနော်တို့ ဘာအကြောင်းအရာ ဆွေးနွေးသလဲ။ Substance က ဘာလဲ။ တိုင်းရင်းသားတွေရဲ့ Proposal က ဘာလဲ။ လိုချင်တာက ဘာလဲ။ တပ်မတော်က လိုချင်တာက ဘာလဲ။ စိုးရိမ်တာက ဘာလဲ။ အစိုးရလိုချင်တာက ဘာလဲ။ နိုင်ငံရေးပါတီတွေ လိုချင်တာ ဘာလဲ။ Civil Society တွေ လိုချင်တာက ဘာလဲ။ အားလုံးကို ဖော်ထုတ်မှသာ ကျနော်တို့ ဒီဆွေးနွေးပွဲကို ကျင်းပလို့ရမှာဖြစ်ပါတယ်။ ယနေ့ထိ ဒါတွေ မရှိသေးဘူး။ အခု ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ဘက်ကတော့ နိုင်ငံရေးကဏ္ဍမှာ ဆွေးနွေးရမယ့် အကြောင်းအရာတွေကို စာတမ်းတွေ ပြုစုနေတယ်။ ဒါတွေကို ကျနော်တို့ မကြာခင် အစိုးရဘက်ကိုလည်း တင်မယ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း တင်မယ်၊ အမျိုးသားအဆင့်မှာလည်း တင်မယ်၊ Civil Society ကို လည်း ပေးမယ်၊ ပြည်သူ့လွှတ်တော်ကိုလည်း ပေးမယ်၊ လူငယ်တွေလည်း ပေးမယ်၊ အားလုံးဆွေးနွေးပေးကြပါလို့ ကျနော် မေတ္တာ ရပ်ခံချင်ပါတယ်။

နောက် ဒုတိယအနေနဲ့ကတော့ ခုနက ဆရာပီတာလင်းပင်ပြောတဲ့ကိစ္စ။ အဲဒါက သိကျွမ်းနားလည်တဲ့ လူတွေက လုပ်လိုက်လို့ရှိရင် လွယ်တယ်ဆိုတဲ့ကိစ္စ။ ဖြစ်ကောင်းဖြစ်မယ်။ ဒီငြိမ်းချမ်းရေးကို ပညာရေးရှုထောင့်တခုတည်းနဲ့ပဲ ကျနော်တို့ ချဉ်းကပ်မယ်ဆိုရင် အဲဒီ့ကိစ္စ လွယ်ကောင်းလွယ်မယ်။ ကျနော် ဥပမာလေးတခုပြောမယ်။ ဒါ ကျနော့်ကိုယ်တွေ့ အတွေ့အကြုံပါ။ ကျနော်တို့တိုင်းရင်းသားတွေရဲ့အစိုးရနဲ့ဆွေးနွေးဖို့အတွက် ပထမဆုံးတင်လိုက်တဲ့ လိုင်ဇာသဘောတူစာချုပ်ဆိုတာ ကြားဖူးပါလိမ့်မယ်။ (၁၁) ချက်ရှိတယ်။ လိုင်ဇာညီလာခံမှာ ကျနော်တို့ ဆွေးနွေး ဆွေးနွေး ပြီးတော့ နောက်ဆုံးသော တနေ့ပဲ ကျန်တော့တယ်ဆိုတဲ့အချိန်မှာ ဒါလုပ်ရအောင်ဆိုတဲ့ ဆုံးဖြတ်ချက် ကျလာတယ်။ အဲဒီညမှာ ကျနော့်ကို Assignment ပေးပါတယ်။ အဲဒီ Assignment ကို ပညာရှင်တယောက်အနေနဲ့ ကျနော် တညတည်းနဲ့ အပြီးရေးပါတယ်။ လိုင်ဇာသဘောတူစာချုပ်။ နောက် လော်ခီးလာစာချုပ်လို့ခေါ်တဲ့ NCA စာချုပ်အဆိုပြုဖို့ကို နောက်ထပ် ကျနော့်ကို Assignment ပေးတယ်။ မူကြမ်းရေးဖို့။ ကျနော် (၄) ရက်ပဲ ကြာပါတယ်။ ဒါပေမဲ့ လော်ခီးလာမှာ ကျနော်တို့ ဆွေးနွေးတဲ့အခါကျတော့ တလနီးပါး ပြန်ကြာတယ်။ အစိုးရနဲ့ ထပ်ဆွေးနွေးတဲ့အခါကျတော့ လပေါင်း (၂၀) ထပ်ကြာပါတယ်။ ဟို ပညာရှင်ရှုထောင့်၊ ကျွမ်းကျင်သူရှုထောင့်နဲ့ကြည့်မယ်ဆိုရင် ကျနော့်မူကြမ်းလေးကို ကျနော်ပိုကြိုက်ပါတယ်။ ၀ါကျလည်း ပိုလှတယ်။ စာအသွားအလာလည်း ပိုကောင်းတယ်။ ဒါပေမဲ့- အဲဒါကောင်းသလား၊ ငြိမ်းချမ်းရေးအတွက်။ မကောင်းပါဘူး။ ကျနော်တို့အားလုံး ပါဝင်ပြီးတော့ ဟိုဘက် တပ်မတော်ဘက်ကလည်း တင်သွင်းတယ်၊ အစိုးရဘက်ကလည်း တင်သွင်းတယ်၊ နိုင်ငံရေး ပါတီဘက်ကလည်း တင်သွင်းတယ်၊ ကျနော်တို့ ဒီလိုညှိနှိုင်းပြီးတော့ ၀ါကျလည်း ပျက်လုပျက်ခင်၊ မလှတော့ဘူး။ ဒါပေမဲ့ ကျနော်တို့ အားလုံးလိုလားချက် အဲဒီ့မှာ ပါသွားတယ်။ အဲဒါမျိုးကို ကျနော်တို့ လိုလားတာဖြစ်တယ်။ ပညာရှင်တစ်ယောက်နှစ်ယောက် ဒီမှာ လာချပေးပြီးတော့ ဒီအတိုင်းလုပ်ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ ငြိမ်းချမ်းရေး ဘယ်လိုမှ တည်ဆောက်လို့ရမှာမဟုတ်ဘူး။ ကျနော့် အတွေ့အကြုံအရ။ အဲဒီ့အတွက်ကြောင့် ကျနော်တို့လုပ်နေတဲ့ဟာတွေက Initiative ပိုင်းကတော့ ဘယ်သူပဲလုပ်လုပ်ပါ။ စပြီးတော့ မူကြမ်းရေးပေးတာ ဘယ်သူပဲလုပ်လုပ်ပါ။ ကျနော်တို့ပညာရှင်တွေအားလုံး လက်ခံပါတယ်။ နိုင်ငံခြား၊ ပြည်တွင်း လာကြပါ။

သို့သော် ဒါတွေကို ကျနော်တို့ပြည်သူလူထုအားလုံးမှာ ချပေးပြီးတော့ ခုနလူငယ်တွေ တောင်းဆိုသလို၊ အမျိုးသမီးတွေ တောင်းဆိုသလို၊ ပြည်သူလူထုတောင်းဆိုသလို၊ ပြည်သူ့လွှတ်တော်တောင်းဆိုသလို၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်း အားလုံးက ဆွေးနွေးပြီး တော့မှ၊ ဒါလေးတော့ ငါထည့်ချင်တယ်၊ ဒါလေးတော့ ပါမှဖြစ်မယ်ဆိုတဲ့ ကိုယ့်ဆန္ဒလေးကိုယ်ဖော်ထုတ်ပြီးတော့၊ ကျနော်တို့ရေးထားတဲ့ စာတမ်း၊ လှဖို့ မလိုပါဘူး။ ကျနော်တို့ စာစီစာကုံးပြိုင်ပွဲလုပ်တာ မဟုတ်ဘူး။ Thesis ရေးတာလည်း မဟုတ်ဘူး။ ကျနော်တို့ အားလုံးပါပြီးတော့၊ ကျနော်တို့လိုလားချက်အားလုံး၊ ဒါလေးတော့ပါတယ်၊ ဒါလေးတော့ ပါတယ်ဆိုပြီးတော့ ကျနော်တို့ ထည့်နိုင်မှ၊ ဒီရလဒ်က ကျနော်တို့အားလုံးပိုင်ဆိုင်တယ်ဆိုတဲ့ ဟာမျိုးလေး ရှိနိုင်မှ ကျနော်တို့လုပ်လို့ရမှာဖြစ်ပါတယ်။ အချိန်ကြာတာတို့၊ နော်၊ အမြန်အဆန်လုပ်တာတို့နဲ့ ဒီတိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကို ကြိုးစားတာ နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရဲ့ကြိုးစားချက်ကို ကျနော်အားလုံးလေ့လာတယ်။ ဆရာကြီးဒဂုန်တာရာတို့ ခေတ်အားလုံး ကျနော်တို့ လေ့လာတယ်။ အဲဒီ့ကာလတုန်းက ရေးသားချက်တွေ၊ တင်ပြချက်တွေ၊ အပေါ်ကနေ ချပေးတာတွေ အလွန်လှတယ်။ ဒါပေမဲ့ ကျနော်တို့ ဘာဖြစ်လို့ ဒီနေ့အထိ ငြိမ်းချမ်းရေးမရတာလဲ။ ပြည်သူလူထုတရပ်လုံး မပါသေးလို့ဖြစ်တယ်။ လူငယ်တွေ မပါသေးလို့ဖြစ်တယ်။ အမျိုးသမီးတွေ မပါသေးလို့ဖြစ်တယ်။

အဲဒီ့အတွက်ကြောင့် ကျနော်တို့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲ Road-map ကို ဆွေးနွေးတုန်းက အစိုးရနဲ့ ကျနော်တို့ အကြီးအကျယ်ငြင်းတာရှိတယ်။ အစိုးရဘက်က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ ပြည်နယ်နဲ့တိုင်းဒေသတွေမှာ ကျင်းပရမယ့်ပွဲ၊ လူထုနဲ့ တိုင်ပင်ရမယ့်ပွဲကို သူတို့ လုံးဝမလိုလားဘူး။ ကျနော်တို့ကပြောတယ်၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အနေနဲ့ ကျနော် CNF Policy ကို ချက်ချင်းသွားတင်လို့ရတယ်။ လွယ်တယ်။ ဒါပေမဲ့ CNF Policy တခုတည်းကိုသွားတင်ပြီးတော့ ဆွေးနွေးပြီးတော့ အဖြေရလာလို့ရှိရင် ဒီငြိမ်းချမ်းရေးက ခိုင်မာမလား။ မခိုင်မာနိုင်ဘူး။ CNF Policy နဲ့ ချင်းလူထုအားလုံးအမြင်ကို ပေါင်းစပ်မှ၊ ကျနော်တို့ အစိုးရအမြင်နဲ့လူထုအမြင် ပေါင်းစပ်မှ၊ အားလုံးပေါင်းစပ်မှ ရလာတဲ့ငြိမ်းချမ်းရေးပဲ ခိုင်မာမယ်။ အဲဒီ့ အတွက်ကြောင့် ကျနော်တို့ စိတ်ရှည်ဖို့လိုတယ်။ ပညာရှင်တဦးနှစ်ဦး၊ ကျွမ်းကျင်သူ၊ မိုးကျရွှေကိုယ်တို့နဲ့အလုပ်လုပ်လို့ မရတဲ့ပွဲ ဖြစ်ပါတယ်လို့ ကျနော်တင်ပြချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Share.

About Author

Leave A Reply

*

code