ဖလမ်းမြို့ပေါ် ရပ်ကွက်အဖြစ် ထည့်သွင်သည့်အပေါ် မကျေနပ်၍ လိုင်ဇိုးရွာသားများ ဆန္ဒဖော်ထုတ်မည်

0

ချင်းပြည်နယ် ဖလမ်းမြို့နယ် လိုင်ဇိုးကျေးရွာကို ဖလမ်းမြို့ပေါ် ရပ်ကွက်အဖြစ် ထည့်သွင်းသတ်မှတ်လိုက်သည့်အပေါ် မကျေနပ်၍ လိုင်ဇိုးကျေးရွာသားများက နိုဝင်ဘာလ ၆ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။

ဖလမ်းမြို့သစ်စီမံကိန်းအရ မကြသေးခင်ရက်ပိုင်းက ပြည်ထောင်စုလွတ်တော်မှ ဖလမ်းမြို့တွင် ရပ်ကွက် (၄) ရပ်ကွက် တိုးချဲ့ဖွဲ့စည်းလိုက်ပြီး လိုင်ဇိုးကျေးရွာအုပ်စုနှင့် ကျေးရွာ(၇) ရွာကို ပယ်ဖျက်ကြောင်း အတည်ပြုခဲ့သည်။

ယင်း အတည်ပြုချက်အရ ဖလမ်းမြို့နယ် လိုင်ဇိုးကျေးရွာအုပ်စုနှင့် ကျေးရွာ (၇) ရွာသည် တိုးချဲ့ဖွဲ့စည်းလိုက်သည့် ဖလမ်းမြို့၏ ရပ်ကွက် အနေဖြင့် တည်ရှိသွားမည်ဖြစ်သည်။ ယင်းကိစ္စကို မကျေနပ်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဆန္ဒဖော် ထုတ်ဖို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု လိုင်ဇိုးမြေယာထိန်းသိမ်းရေးကော်မတီဥက္ကဌ Pu Za Thang ကပြောသည်။

“ရွာနာမည်ကို အခြေပြုတဲ့ လူမျိုးနွယ်စုက ကျနော်တို့ လိုင်ဇိုးရယ် တာရွှန်းရယ် လဲန်သဲရယ်ပဲရှိတယ်၊ ဆိုတော့ အဲဒီရွာက ရပ်ကွက်ထဲ ၀င်သွားလို့ရှိရင် ရပ်ကွက်ဆိုတာ သိတဲ့အတိုင်းပဲဗျ အရောရော အနှောနှောဖြစ်သွားမယ်၊ ဒါကျနော်တို့မြေ ပါလို့ပြောလို့မရတော့ဘူး မြေဂရမ်နဲ့ပေးလိုက်မယ် ဟိုလူလည်းဝင်လာမယ် ဒီလူလည်းဝင်လာမယ်ဆိုတော့ ဘာသာစကား ပြောက်မယ်၊ ယဉ်ကျေးမှုမှေးမိန်သွားမယ်’’ ဟု Pu Za Thang ကပြောသည်။

လိုင်ဇိုးမြေယာထိန်းသိမ်းရေးကော်မတီအနေဖြင့် ယခင်အတိုင်း ကျေးရွာအုပ်စုအဖြစ်နှင့်သာ ဆက်လက်နေလိုကြောင်း ပြည်နယ်ဝန်ကြီးချူပ်အပြင် နိုင်ငံတော်သမ္မတ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးအထိ အကြိမ်ကြိမ် အသနားခံစာရေးသား တင်ပြခဲ့ကြသော်လည်း လိုင်ဇိုးကျေးရွာအုပ်စု နှင့် ကျေးရွာ ၇ ရွာကိုကို ပယ်ဖျက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။

Pu Za Thang က “ ပြည်ထဲရေးဥပဒေအရ ရွာတစ်ရွာပြုန်းသွားတယ် လူမနေတော့ဘူးဆိုရင် အဲဒီရွာ ရဲ့ မြေတွေကို အနီးစပ်ဆုံးရွာကို လွှဲအပ်ရမယ်လို့ပါတယ် ဆိုတော့ ကျနော်တို့ဘိုးဘွားမြေတွေက သူများလက်ထဲရောက်မှာ လည်းစိုးတယ်၊ ကျနော်တို့ ဘိုးဘွားတွေရဲ့ သင်္ချိုင်းဂူတွေ အရိုးစုတွေတောင်မှ သူများလက်ထဲရောက်မယ် ကျနော်တို့ချင်းလူမျိုးဆိုတာ သင်္ချိုင်းတွေကို တန်ဖိုးထားကြတာကိုး၊ အဲဒါတွေလည်း ထိန်းသိမ်းချင်လို့ ကိုယ့်နယ်မြေလေးကို” ဟု ပြောသည်။

ချင်းပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကျရောက်ခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် လိုင်ဇိုးကျေးရွာအုပ်စုမှ ကျေးရွာ ရွာတို့သည် ဖလမ်းမြို့သစ်စီမံကိန်းတည်ရှိရာ လုံပီးဒေသတွင် ရွာလုံးကျွတ်ပြောင်းရွှေ့ခဲ့ကြရပြီး လိုင်ဇိုးကျေးရွာသည် လုံပီးနှင့် ၂ မိုင်ခန့်ဝေးသော Tlangva ဒေတွင် ပြည်နယ်အစိုးရအစီစဉ်ဖြင့် ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်သည်။

Share.

About Author

Leave A Reply

*

code