ခွါဒိုပွဲတော် မီဇိုရမ်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပ

0

ချင်း(ဇိုမီး)လူမျိုးများ အထွဋ်အမြတ်ထားရှိသည့် “Khuado Pawi 2017” ကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Sesih ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့ကပြီး နှစ်ရက်တာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ရက်တာကျင်းပခဲ့သည့် “Khuado Pawi” ကို Zomi Cultural Society of Mizoram (ZCS) မှ ကြီးမူးကျင်းပခဲ့ခြင်းဖြစ်ပြီး ဧည့်သည်တော်ကြီးအဖြစ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalthanhawla တက်ရောက်ခဲ့ကြောင်း မီဇိုရမ်နေ့စဉ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

ဧည့်သည်တော်ကြီး မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalthanhawla က မိမိလူမျိုး၊ ဘာသာစကား နှင့် ယဉ်ကျေးမှုများ ထိန်းသိမ်း စောင့်လျှောက်ခြင်းသည် အရေးကြီးသောကဏ္ဍတခုဖြစ်ပြီး သို့သော်လည်း ထိန်းသိမ်းစောင့်လျှောက်တဲ့နေရာမှာ မိမိတို့ ဇိုးမျိုးနွယ်စုများ၏ စည်းလုံးခြင်းနှင့် တစ်အူတုံဆင်းညီအကိုဖြစ်ခြင်းကို မပျက်ဆီးစေဖို့ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

“သီးခြားမခွဲထွက်ဖို့ လိုအပ်တယ်။ မိမိလူမျိုးနဲ့ပတ်သက်တဲ့အရာကို ဘယ်အရာကမှ မပျက်ဆီးစေဖို့လည်း လိုအပ်တယ်။ မိမိလူမျိုး ဘာသာစကားကို ဆက်လက်ရှင်သန်စေဖို့လိုအပ်တယ်။”ဟု မီဇိုရမ် ၀န်ကြီးချုပ်က ပြောသည်။

ဆက်လက်ပြီး “ဇိုးမျိုးနွယ်စုအသီးသီးမှာရှိကြတဲ့ ပွဲအမျိုးမျိုးကို တစ်ယောက်နဲ့တစ်ယောက် လေးစားတန်ဖိုးထားကြဖို့ ဒီအရာဟာ ကျနော်တို့ ပိုမိုစည်းစည်းလုံးလုံးရှိဖို့အတွက် အရေးပါတယ်” ဟု ခွါဒိုပွဲတော် အခမ်းအနားတွင် ၀န်ကြီးချုပ်က ဆက်ပြောဆိုခဲ့သည်။

“Khuado Pawi” သည် ဇိုမီးလူမျိုးအတွက် အလွန်အရေးကြီးသည့် ပွဲတစ်ခုဖြစ်ပြီး တစ်နှစ်တာ ကြိုးကြိုးစားစား စိုက်ပျိုးလုပ်ဆောင်ခဲ့သော ဆန်စပါးများ ရိတ်သိမ်းအပြီး  ပျော်ရွှင်ကြည်နူးသည့် ပွဲတစ်ခုဖြစ်သကဲ့သို့၊ မကောင်းဆိုးဝါး နတ်ဆိုးများ နှင်ထုတ်သည့် ပွဲလည်းဖြစ်သည်။ ဤပွဲကို လွန်ခဲ့သော အေဒီ ၁၄၀၀ ဝန်းကျင်ကစပြီး ကျင်းပခဲ့သည့်ဟု သိရကာ ခုဆိုရင် နှစ်ပေါင်း ၆၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း အဆိုပါ ပွဲကို စက်တင်ဘာ ၁၅ ရက်နေ့မှ အောက်တိုဘာ ၁၅ ရက်အကြားတွင် ကျင်းပလျှက်ရှိပြီး ပုံမှန်အားဖြင့် ၃ ရက် ကျင်းပလျှက်ရှိသည်။

Zomi Cultural Society of Mizoram (ZCS) အဖွဲ့ကို လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code