ရိုးရာခွါဒိုပွဲတော် တီးတိန်မြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

0

ချင်း(ဇိုမီး)လူမျိုးများ အထွဋ်အမြတ်ထားရှိသည့် “၂၀၁၇ ခုနှစ်၊ ခွါဒိုပွဲ” ကို တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာ အားကစားကွင်း၌ နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့များတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးကို ရည်ရွယ်လျက် ရိုးရာခွါဒိုပွဲ (Khuado Pawi) ဖွင့်ပွဲနှင့် ခွါဒိုပွဲ၏အရေးပါဆုံးတစ်ခုဖြစ်သည့် ပျားအုံသယ်ဆောင်ခြင်းအခမ်းအနားကို နိုင်ဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း ဟားခါးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။

ခွါဒိုပွဲတော်၏ အရေးပါဆုံးတစ်ခုဖြစ်သည့် ပျားအုံသယ်ဆောင်ခြင်းကို ကျင်းပရာ ဒေသခံတိုင်းရင်းသားများက မီးရှူးတိုင်များ ထွန်းညှိကာ ပျားအုံသယ်ဆောင်၍ ခွါဒိုပွဲကျင်းပသည့် အားကစားကွင်းသို့ဝင်လာကြပြီး သယ်ဆောင်လာသည့် ပျားအုံရှိပျား သလက်ကိုကြည့်၍ လာမည့်နှစ်အတွက် အတိတ်နိမိတ်ဖတ်ခြင်းဆောင်ရွက်ပြီး မီးရှူးမီးပန်းနှင့်သေနတ်ပစ်ဖောက်ကာ စုပေါင်းမီးပုံပွဲ အကဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါ ၂၀၁၇ ခုနှစ်၊ ရိုးရာခွါဒိုပွဲတော်ကြီးအား ရိုးရာယဉ်ကျေးမှုအက၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြပြီး Model Show များလည်း ပြသခဲ့ကြကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဦးအိုက်ဇက်ခင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်တို့ အပြင် ဆိုင်ရာလူကြီးများ တက်ရောက်ခဲ့ကြသည်။

နိုဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းတွင် တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (၉၀×၃၀)ပေ RC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ကျင်းပခဲ့ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးခင်မောင်ကျော်၊ ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထန်ဒိတ်ခုပ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့၌ Zomi Cultural Society of Mizoram (ZCS) အဖွဲ့ ဦးဆောင်မှုဖြင့်   “Khuado Pawi 2017” ကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Sesih ကျေးရွာတွင် ကျင်းပခဲ့ကာ ဧည့်သည်တော်ကြီးအဖြစ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalthanhawla တက်ရောက်ခဲ့သည်။

ဧည့်သည်တော်ကြီး မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalthanhawla က မိမိလူမျိုး၊ ဘာသာစကား နှင့် ယဉ်ကျေးမှုများ ထိန်းသိမ်း စောင့်လျှောက်ခြင်းသည် အရေးကြီးသောကဏ္ဍတခုဖြစ်ပြီး သို့သော်လည်း ထိန်းသိမ်းစောင့်လျှောက်တဲ့နေရာမှာ မိမိတို့ ဇိုးမျိုးနွယ်စုများ၏ စည်းလုံးခြင်းနှင့် တစ်အူတုံဆင်းညီအကိုဖြစ်ခြင်းကို မပျက်ဆီးစေဖို့ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

Share.

About Author

Leave A Reply

*

code