ရွှေနဂါးကုမ္ပဏီထုတ် မြေသြဇာ ကြောင့်ကလေးမြို့ စပါးစိုက်ခင်းဧကပေါင်း ၄၀၀ ကျော်ပျက်စီးဟု ဆိုကာ တိုင်းဒေသကြီးအစိုးရထံ တိုင်ကြား

0

ရွှေနဂါးကုမ္ပဏီမှ ထုတ်လုပ်ရောင်းချသော စပါးသီးသန့် အသီးအားဆေး Top one မြေသြဇာ ၀ယ်ယူ အသုံးပြုခဲ့ သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အနောက်မြောက်ဒေသ မောက်လင်းကျေးရွာအုပ်စု နှင့် ပျဉ်းတောဦးကျေးရွာအုပ်စုတွင် စပါးစိုက်ခင်းဧက ၄၀၀ ကျော် ပျက်စီးဆုံး ရှူံးမှုနှင့် ရင်ဆိုင်နေကြရသည်ဟု တောင်သူလယ်သမားများကပြောဆိုကြသည်။

ချင်းလူမျိုးအများစုနေထိုင်ကြသော မောက်လင်းနှင့် ပျဉ်းတောဦးကျေးရွာအုပ်စုရှိ ကျေးရွာ ၈ ရွာမှ တောင်သူလယ်သမား များသည် ၂၀၁၇ ခုနှစ် မိုးရာသီ မိုးစပါးအထွက်ထိုးစေရန် ရွှေနဂါး ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချသော Top one စပါးသီး သန့် အသီးအားဆေး မြေသြဇာ(အိတ်စိမ်း) အား ၀ယ်ယူအသုံးပြုကြရာ ယခုအခါ စပါးပင် အနှံမထွက်နိုင်ခြင်း၊ အနှံခြောက်ခြင်း၊ အပင်ဝါခြင်းများဖြစ်ပွားပြီး တောင်သူလယ်သမား ၇၇ ဦးတို့၏ စပါင်းစိုက်ခင်း ၄၀၃ ဧက ပျက်စီးခဲ့သည်ဟု ပျဉ်းတောဦးကျေးရွာအုပ်စု မြောက်ချောကျေးရွာမှ တောင်သူလယ်သမား ဦးဗျက်လျံထွာမ်းကပြောသည်။

“ ကျနော်တို့ အဲဒီ အသီးအားဆေးမြေသြဇာကို အသုံးပြုပြီး တစ်ပတ်လောက် အကြာမှာဘဲ စပါးပင်တွေက ၀ါပြီး ခြောက် လာတယ်၊ ခုချိန်ဆို စပါးနှံတွေထွက်လာရတော့မယ့်အချိန်ခါဖြစ်တယ် ဒါပေမယ့် တစ်ဝက်လောက်ဘဲ စပါးနှံတွေ ထွက် တယ် အဲဒီထွက်လာတဲ့ စပါးနှံတွေကလည်း အဆံမပါတဲ့ဟာများတယ်၊ ကျနော်တို့အသုံးပြုတဲ့ မြေသြဇာကို အသုံးမပြုတဲ့ စပါးတွေကတော့ အရမ်းကောင်းတယ် အဲဒါကြောင့် ရွှေနဂါးက ကုမ္ပဏီကထုတ်တဲ့ အသီးအားဆေး မြေသြဇာကို အသုံးပြု လို့ ခုလိုပျက်စီးရတာဖြစ်တယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်’’ ဟု ဦးဗျက်လျံထွာမ်းကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရွှေနဂါးကုမ္ပဏီမှ တာဝန်ယူဖြေရှင်းပေးရန် ဖုန်းဆက်အကြောင်းကြားသော်လည်း ကုမ္ပဏီနှင့် လုံးဝမသက်ဆိုင်ကြောင်း ပြောဆိုပြီး ယနေ့ချိန်ထိ တာဝန်ယူခြင်းမရှိကြောင်း သူကဆက်ပြောသည်။

ထို့ကြောင့် တောင်သူများ၏ နစ်နာဆုံးရှုံးမှုအတွက် ကုမ္ပဏီထံမှ လယ်ဧကအလိုက် တစ်ဧက ထွက်နှုန်း( စပါးတင်း ၈၀ နှုန်း) နှင့် ညီမျှသော နစ်နာကြေးရရှိရေးနှင့် ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ကူညီဆောင်ရွက်ပေးရန် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ လိပ်မူပြီး တောင်သူ လယ်သမားများမှ နိုဝင်ဘာလ ၆ ရက်နေ့က စာရေးသား တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကလေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့တွင် ဒေသခံတောင်သူ များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Right and Peace မှ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ယနေ့ကွင်းဆင်းလေ့လာမှုတွင် ကိုယ်တိုင်လိုက်ပါခဲ့သည့် Right and Peace မှ ကိုဂျာစီက “ သူတို့လယ်ယာနဲ့ကပ်ရပ် ပေါ့နော် ကဇင်း ချောင်းဘဲခြားတဲ့  တခြားမြေသြဇာကျဲတဲ့ ဧရာမင်းစပါးတွေကြတော့ လူတရပ်စာ လောက်ရှိတယ် ဒီဘက်ခြမ်းအဲဒီမြေသြဇာကျဲတဲ့စပါးတွေကျတော့ ဒူးလောက်ဘဲရှိတယ် တချို့ကျတော့ ခါးလောက်ထိရှိ တယ် အနှံထွက်တဲ့ဟာတွေကလည်း အောင်တဲ့အစေ့တွေကနည်းနေတယ် မအောင်တဲ့အသီးကပိုများတယ် စပါးရိုက်စရာ လည်းရှိကြမှာမဟုတ်ဘူး ရှိတဲ့သူတွေလည်း အဆမတန်ရက်ရက်စက်စက်အထွက်ကျမှာဆိုတာသေချာတယ်’’ ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရွှေနဂါးကုမ္ပဏီ ကလေးမြို့ရုံးခွဲ အရောင်းကိုယ်စားလှယ် ကိုဇင်သူဟိန်းကို ဆက်သွယ်မေးမြန်းကြည့်ရာတွင် ၎င်းတို့မြေသြဇာကို အသုံးပြုခြင်းကြောင့် မဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“ အခုဖြစ်နေတဲ့ပုံစံက ဘာလည်းဆိုတော့ ရောဂါရှိနေတဲ့အပင်ကို ဘယ်မြေသြဇာကျွေးကျွေးဖြစ်မှာပဲ အဓိကတော့ ရောဂါတွေကျနေတာပဲလေ ကျနော်တို့ မြေသြဇာကြောင့်ဖြစ်တယ်ဆိုရင် အကုန်လုံးဖြစ်မှာပဲလေ ကျနော်တို့က တစ်နိုင်ငံလုံးရောင်းနေတာကိုး ဒီနယ်တွေဘဲရောင်းနေတာမှမဟုတ်တာကိုး” ဟု ပြောဆိုသည်။

Share.

About Author

Leave A Reply

*

code