ပလက်ဝတွင် မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်ဖွဲ့အကြား တိုက်ပွဲကြောင့် စက်မှုလက်မှုသိပံ္ပကျောင်းသား တစ်ဦးသေဆုံးပြီး ဒေသခံပြည်သူ ၃၀၀ ကျော် စစ်ဘေးတိမ်းရှောင်

0

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ တို့ အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့်  စက်မှုလက်မှုသိပံ္ပကျောင်းသား တစ်ဦးသေဆုံးပြီး ဒေသခံပြည်သူ ၃၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ပလက်ဝမြို့နယ် နူံးဘူးကျေရွာအနီး ကုလားတန်မြစ်ထဲတွင် နိုဝင်ဘာလ ၈ ရက်နေ့က တပ်မတော်သားများ စီးနင်းလိုက်ပါ လာသည့် စက်လှေတစ်စင်းနှင့် အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် စက်လှေတစ်စင်းအား (AA) တပ်ဖွဲ့မှ ပစ်ခတ်သဖြင့် ရှင်းလက်ဝကျေးရွာသား ကျောက်ဖြူ စက်မှုလက်မှုသိပ္ပံကျောင်းသားတစ်ဦး သေဆုံးကာ အရပ်သား ၃ ဦး ထိခိုက်ဒါဏ်ရာရရှိသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာအနီးတွင် တပ်မတော် ခမရ(၃၇၈) နှင့် AA တပ်ဖွဲ့တို့ နိုဝင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲကြောင့် ကုန်ပြင်နှင့် အနီးတ၀ိုက်ကျေးရွာများမှ ပြည်သူများ စိုးရိမ်ကြောက်ရွံ့သဖြင့် အနည်းဆုံးပြည် သူ ၃၀၉ ဦးသည် ရှင်းလက်ဝအောက်ရွာသို့ (၂၈၁) ဦး၊ အောက်ဘလိုင်ရွာသို့ (၈) ဦး၊ ဘဲဒင်ဝရွာသို့(၈) ဦး ကာရာမိတ်ရွာသို့ (၉)ဦး၊ မီးဇာရွာသို့ (၂)ဦးနှင့် ဒိုးချောင်းဝရွာသို့ တစ်ဦး အသီးသီးတိမ်းရှောင်ခဲ့ကြသည်ဟု ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ယခုလက်ရှိတွင် ချင်းပြည်နယ်အစိုးရအနေဖြင့် ထိခိုက်ဒါဏ်ရာရရှိပြီး ပလက်ဝဆေးရုံးတွင် ဆေးကုသမှုခံယူနေသည့် ပြည်သူ ၃ ဦးအား တစ်ဦးလျင် ကျပ်တစ်သိန်းစီနှင့် သေဆုံးသည့်ကျောင်းသားအတွက် ကျပ်ငွေ ၃ သိန်းထောက်ပံ့ပေး မည်ဖြစ်ပြီး၊ တိုက်ပွဲရှောင် ပြည်သူများအတွက် အရေးပေါ်ထောက်ပံ့ကူညီမှုများပြုလုပ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျှက် ရှိသည်ဟု သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့ ပစ်ခတ်မှုတွင် တပ်မတော်သား ၁၇ ဦးခန့် သေဆုံးမှုရှိသည်ဟု သတင်းများထွက်ပေါ်လာပြီး ခိုနူမ်းသုန်သတင်းဌာနမှ သီးသန့်အတည်ပြုချက်တော့မရရှိပေ။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်ပြောခွင့်ရပုဂ္ဂိုလ် ၀န်ကြီး အိုက်ဇက်ခင်က “ တပ်ပိုင်းကတော့ ပြည်နယ်အစိုးရက မထုတ်ပြန်ဘူးလေ၊ တပ်ပိုင်းကပဲ ထုတ်ပြန်ပါလိမ့်မယ်’’ ဟု ပြောသည်။

Share.

About Author

Leave A Reply

*

code