ကလေးမြို့တွင် ခရစ်ယာန်သာသနာပိုင်မြေ နှင့် လူနေအိမ်းများ စစ်တပ်မှ သိမ်းယူရန်ပြုလုပ်နေ

0

ကလေးမြို့ပေါ် ချမ်းမြေ့အောင်စည်ရပ်ကွက် နယ်မြေ(၄) တွင် ခရစ်ယာန်သာသနာ့ပိုင်မြေ နှင့် လူနေအိမ်များကို တပ်ပိုင်မြေဟုဆိုကာ စစ်တပ်မှသိမ်းယူရန်ပြုလုပ်မှုများရှိနေသည်ဟု စုံစမ်းသိရှိရသည်။

ချမ်းမြေ့အောင်စည်ရပ်ကွက် နယ်မြေ(၄)တွင်ရှိသော သတ္တမနေ့အသင်းတော်ပိုင် နှင့် လူနေအိမ် ၁၃ အိမ် (စုစုပေါင်း ၂ ဧကနီးပါးခန့်) ကို တပ်ပိုင်မြေဟုဆိုကာ တပ်တည်ဆောက်ရေး Master Plan တွင် ပါဝင်သည့်အတွက် (၉၄၁) ဆောက်လုပ်ရေးအင်ဂျင်နီတပ်မှ ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့ကစပြီး ယနေ့ချိန်ထိ သိမ်းယူရန်လုပ်ဆောင် နေခြင်းဖြစ်သည်ဟု သတ္တမနေ့အသင်းတော်မှ အသင်းလူကြီး စစ်မှုထမ်းဟောင်း ဦးထန်ဇပေါင်ကပြောသည်။

“ သြဂုတ်လ တစ်ရက်နေ့ကစပြီးတော့ တပ်မူးကော အရာရှိတွေကော မြေတိုင်းက အရာရှိတွေလာတယ်၊ ၂၂၈ တပ်ခြံစည်းရိုးအတိုင်း တောက်လျှောက်ချောင်းထိ ငါတို့ဟာပဲ အဲဒါကြောင့်မို့လို့ အုပ်တံတိုင်းခြံစည်ရိုးကာဖို့ ခွင့်ပြုချက် ရတယ်ဆိုပြီးလာပြောတာပေါ့ အငြင်းပွားကြတာပေါ့ သြဂုတ်လမှာ ၂ ခါလောက်လာတယ်၊ အောက်တိုဘာ ၂၀ ရက်နေ့မှာ စစ်တပ် နဲ့ အရပ်သား နယ်မြေ သတ်မှတ်ထားတဲ့ နယ်ခြားဘုတ်တိုင်ကိုသူတို့ဖြိုလိုက်တယ်၊ ကျနော်တို့ကိုလည်း တရားစွဲဖို့လုပ်နေကြတယ်’’ ဟု ၎င်းကပြောသည်။

ယခုအခါ ဆောက်လုပ်ရေးအင်ဂျင်နီရာတပ်မှ ဥပဒေကြောင်းအရ တရားစွဲဆိုရန်ပြင်ဆင်နေဟု သိရပြီး ဒေသခံပြည်သူများ ကလည်း သက်သေအထောက်အထားများဖြင့် ပြန်လည်ဖြေရှင်းသွားမည်ဖြစ်သည်ဟု သူကဆက်ပြောသည်။

ယခုအငြင်းပွားမှုဖြစ်ပွားရာဒေသသည် ဦးဂင်ကမ်းအိန်၏ လယ်ယာမြေဖြစ်ပြီး ၁၉၈၇ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် သာသနာပိုင်မြေအတွက် လှူဒါန်းခဲ့သည်ဟု သိရသည်။ ၁၉၉၀ ခုနှစ်တွင် ၂၂၈ တပ်ရင်းမှ တပ်တိုးချဲ့မြေအတွက် ရာထားပြီး နှုတ်မိန့်နှင့်သိမ်းယူခဲ့ပြီး ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စစ်တပ်မှ စာရွက်စာတမ်းဖြင့် ပြန်လည်ပေးအပ်ခဲ့ သည်ဟု ဦးထန်ဇပေါင်ကပြောသည်။

စစ်တပ်မှပြန်လည်ပေးအပ်သည့်နောက်ပိုင်း ၂၀၀၁ ခုနှစ်တွင် ထို့ကဲ့သို့သော ပြဿနာများထပ်မံမဖြစ်ပွားစေရန် သာသနာ့ မြေနှင့် လူနေအိမ်များအား မြေစာရင်းဌာနမှ မြေစာရင်းပုံစံ (၁၀၅) ထုတ်ပေးခဲ့သည်ဟု သိရသည်။  ယင်းပုံစံ (၁၀၅) နှင့် ခလရ (၂၂၈) တပ်မှ မြေပြန်စွန့်လွှတ်သည့်အကြောင်းကြားသည့် စာရွက်စာတန်းများကိုလည်း ဆောက်လုပ်ေ  ရးအင်ဂျင်နီယာတပ်ဘက် အတုသာဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ကာယကံရှင်များထံမှသိရသည်။

နေအိမ်သိမ်းခံရမည့်စာရင်းတွင်ပါဝင်သော တပ်မတော်တွင် နှစ်ပေါင်း ၃၀ ကျော် စစ်မှုထမ်းဆောင်ခဲ့သည့် “ စစ်တပ်မှာမြေအများကြီးရှိပါတယ်၊ ပိုလျှံပြီးမှ သူတို့လည်းမလုပ်နိုင်ဘူး အရပ်သာတွေကို စာပါးတွေစိုက်ခိုင်းလိုက်၊ ဟိုစိုက်ဒီစိုက်နဲ့ ဘာမှမလုပ်တဲ့နှစ်မှာ နွားစာကျက်ဖြစ်နေတယ် ပိုလွန်းလို့ပေါ့နော် ဒီဘက်ကိုထပ်သိမ်းစရာအကြောင်း မရှိဘူး၊ ဒီကိစ္စက မတရားတဲ့အပြင်ကို အနိုင်ကျင့်မှုဖြစ်တယ်’’ ဟုပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကလေးမြို့အခြေစိုက် ရပ်ရွာငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးရှေ့ဆောင်မှ ဒါရိုက်တာ ကို GS Mang က စစ်တပ်အနေဖြင့် ရှေးယခင်တုန်းကလို ပြည်သူပိုင်နယ်မြေများ သိမ်းယူများကို မပြုလုပ်သင့်တော့ကြောင်း၊  ဒေသခံ ပြည်သူများ ပိုင်ဆိုင်မှုလုံခြုံသည့်အထိ  အခြားအရပ်ဖက်အဖွဲ့အစည်းများ၊ တပ်သိပညာရှင်များနှင့် လက်တွဲကာ လိုက်ပါဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောသည်။

“အသင်းတော်အနေနဲ့ အစိုးရက တရားဝင်ထုတ်ပေးထားတဲ့မြေစာရင်းပုံစံ(၁၀၅)ရှိတယ် အရင်တုန်းက သိမ်းပြီးသား ပြီးတော့ ပြန်ပေးပြီးသား သိမ်းထားတဲ့တပ်က ခလရ ၂၂၈ တပ်ကသိမ်းတာ ခလရ ၂၂၈ ကပဲ ပြန်ပေးထားပြီးသား ခုလိုပြန်လုပ်တာ ဒါက သက်သက်မဲ့ မတရားဘူးလို့မြင်တယ် လုံးဝမဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်” ဟု ကို GS Mang ကပြောသည်။

ရပ်ရွာငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့အနေဖြင့် ယခုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုပြန်လည်စီစစ်ရေးကော်မတီအဖွဲ့၊ ခရိုင်နှင့် မြို့နယ်ရှိ သက်ဆိုင်ရာ ဌာနအသီးသီးတွင်လည်း စာတင်ထားသည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code