ချင်းပြည်နယ်အတွင်းမှ အမြန်ဆုံးထွက်သွားကြရန် AA တပ်ဖွဲ့ကို ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများ တောင်းဆို

0

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်မတော်(AA) ၏ စစ်ရေးနှင့် နိုင်ငံရေးအရ လာရောက်ကျူးကျော် အခြေစိုက်လှုပ်ရှားမှုများသည် နှစ်ပေါင်းများစွာ ဘိုးစဉ်ဘောင်ဆက် အေးချမ်းသာယာစွာ နေထိုင်လာခဲ့ကြသည့် ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် တည်ငြိမ်မှုကို အန္တရာယ်ပြုထိပါးခြိမ်းခြောက်လာနေခြင်းကြောင့် အပြင်းအထန်ရှုတ်ချပြီး ချင်းပြည်နယ်အတွင်းမှ အမြန်ဆုံးထွက်သွားကြရန် ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ရက္ခိုင့်တပ်မတော်အနေဖြင့် ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကြောင့် အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပေါ်လာပြီး အပြစ်မဲ့ဒေသခံပြည်သူ ရာပေါင်းများစွာသည် မြေဇာပင်များအဖြစ်သမိုင်းတွင်မကြုံစဖူး အေးချမ်းသာယာမှု ဆုံးရှုံးနေကြရသကဲ့သို့ စစ်ရှောင်ဒုက္ခသည်များအဖြစ် နေရပ်စွန့်ခွါလျက် ကျီးလန့်စာစားပြေးလွားနေကြရသည်ဟု ချင်းအရပ်ဘက်လူမှုအဖွဲ့ အစည်း ၄ ဖွဲ့ဖြစ်သည့် Chin State Civil Society Network for Peace – Paletwa၊ Chin State Civil Society Network for Peace – Tedim၊ Zomi Student & Youth Organization နှင့် Chin MATA Working Group တို့မှ နိုဝင်ဘာလ ၁၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆို လိုက်ကြခြင်းဖြစ်သည်။

Chin State Civil Society Network for Peace – Paletwa မှ တာဝန်ရှိသူ မိုင်အောင်မဖြူက “ သူတို့ (ရက္ခိုင့်တပ်မတော်) ရှိတော့ မြန်မာ့တပ်မတော်ကလည်း တိုက်နေတာလေ အဲလိုတိုက်နေတော့ ကျမတို့ပြည်သူတွေက အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်လို့လည်းမရတော့ဘူးလေ၊ စိုးရိမ်ပူပန်မှုနဲ့မလုံမခြုံဖြစ်နေတာလေ” ဟု ခိုနူမ်းသုန်ကိုပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့သည် ယခုလဆန်းပိုင်းကစတင်ပြီး ပလက်ဝမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတ၀ိုက်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီး နိုဝင်ဘာလ ၈ ရက်နေ့က ပလက်ဝမြို့နယ် နူံးဘူးကျေရွာအနီး ကုလားတန်မြစ်ထဲတွင် တပ်မတော်သားများ စီးနင်းလိုက်ပါ လာသည့် စက်လှေတစ်စင်းနှင့် အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် စက်လှေတစ်စင်းအား (AA) တပ်ဖွဲ့မှ ပစ်ခတ်သဖြင့် ရှင်းလက်ဝကျေးရွာသား ကျောက်ဖြူ စက်မှုလက်မှုသိပ္ပံကျောင်းသားတစ်ဦး သေဆုံးကာ အရပ်သား ၃ ဦး ထိခိုက်ဒါဏ်ရာရ ရှိခဲ့သည်။

ထို့အပြင် ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာအနီးတွင် တပ်မတော် ခမရ(၃၇၈) နှင့် AA တပ်ဖွဲ့တို့ နိုဝင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲကြောင့် ကုန်ပြင်နှင့် အနီးတ၀ိုက်ကျေးရွာများမှ ပြည်သူများ စိုးရိမ်ကြောက်ရွံ့သဖြင့် အနည်းဆုံးပြည် သူ ၃၀၉ ဦးသည် ရှင်းလက်ဝကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအခက်ခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု မိုင်အောင်မဖြူကပြောသည်။

“အခုတောင်ယာရိတ်သိမ်းချိန်လေ စပါးဆိုရင်လည်းတောင်ယာမှာထားခဲ့တယ်ဆိုတော့ သူတို့ဘာမှမပါလာနိုင်ဘူးဆိုတော့ စားဝတ်နေရေးအဆင်မပြေမှုအများကြီးနဲ့ရင်ဆိုင်နေကြတာပေါ့” ဟု ပြောသည်။

ပလက်ဝဒေတွင်း တည်ငြိမ်အေးချမ်းကို ပျက်ပြားစေသည့် AA နှင့် အစိုးရတပ်မတော်တို့အကြား စစ်ရေးပဋိပက္ခများ အမြန်ဆုံးပြီးဆုံးနိုင်ရေးအတွက် ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် အမြန်ဆုံးဖြေရှင်းကြရန်နှင့် ပလက်ဝဒေသ၏ အေးချမ်းသာယာမှုကို ထပ်မံထိပါးနှောင့်ယှက်ခြင်းမပြုရန် ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများက အလေးအနက်တောင်းဆိုထားသည်။

Share.

About Author

Leave A Reply

*

code