ပလက်ဝမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များအား စားနှိပ်ရိက္ခာများ ကူညီထောက်ပံ့

0

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကုန်ုပြင်ရွာမှ စစ်ဘေးဒုက္ခသည်များအား နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စားနှိပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့သည်။

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကူညီခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၆ ရက်နေ့မနက်ပိုင်းက ပလက်ဝမြို့တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ချင်းပြည်နယ်၊ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်၊ နိုင်ငံကျော် ပရဟိတမင်းသား ဝေဠုကျော်၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းမှတာဝန်ရှိသူများ၊ တိုက်ပွဲရှောင်ပြည်သူများ စုစုပေါင်း ၇၅ဦး တက်ရောက်ခဲ့ကြသည်။

တိုက်ပွဲရှောင်ပြည်သူ မိသားစု ၆၇စု၊ လူဦးရေ ၃၃၄ဦးအတွက် အစိုးရမှ ဆန် ၁၀၄ အိတ်၊ ချင်းပြည်နယ်အစိုးရနှင့်ပူးပေါင်း၍ လှူဒါန်း ကြသော အလှူရှင်များမှ ဆန် အိတ် ၂၀၀၊ ဆီ ၆၇ပိဿ၊ ဆား၆၇ပိဿ၊ ပဲ ၆၇ပိဿနှင့် မြန်မာ့တပ်မတော်မှ ဆန် ၁၀အိတ် စသည်တို့ လှူဒါန်းခဲ့ကြကြောင်း သိရပြီး ယခုကဲ့သို့ လှူဒါန်းခဲ့သော စားနှိပ်ရိက္ခာတန်းဖိုးမှာ ကျပ်ငွေ ၇၆၉၇၇၀၀ ကျပ် ရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များမှာ ကူညီထောက်ပံ့မှုများ လိုအပ်နေသော်လည်း လုံခြုံရေးကြောင့် မြန်မြန်ဆန်ဆန် ကူညီမထောက်ပံ့နိုင်ခြင်းဖြစ်ကြောင်း လွန်ခဲ့သည့်ရက်ပိုင်းအနည်းငယ်က ချင်းပြည်နယ်၊ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဆလိုင်း အိုက်ဇက်ခင် က ပြောဆိုခဲ့ပြီး ယခုအခါ တိုက်ပွဲရှောင်မိသားစုများအတွက် ပထမဆုံးရရှိသော အကူအညီဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ပလက်ဝမြို့နယ်တွင် အစိုးရတပ်မတော်နှင့် ရက္ခိုင်တပ်မတော်ကြား စစ်ပွဲများကြောင့် ဒုက္ခရောက်ခဲ့ရသည့် ချင်းလက်ဝ အောက်ရွာမှ မိသားစု ၅၉ စု၊ အောက်ဘလိုင်ရွာ ၂စု၊အိမ်ထောင်စု ဘေးဒင်ဝရွာ ၂ စု၊ ကာရမိတ်ရွာ ၂စု၊ ဒိုးချောင်းဝရွာ ၂စု၊ စုစုပေါင်း ၆၇ စုမှ လူဦးရေ ၃၃၀ဦအောက်ချင်းလက်ဝကျေးရွာတို့တွင် ခိုလုံလျက်ရှိကြောင်း သိရသည်။

ထိုမိသားစု ၆၇စုအတွက် ၁အိမ်ကို ဆန် ၁အိတ်နှုန်းဖြင့် ဆန် ၆၇ အိတ်ကိုလည်းကောင်း၊ သေဆုံးသွားသူ ကျောက်ဖြူ GTI ကျောင်းသားအတွက် အလှူငွေ – ၃၀၀၀၀၀ကျပ် (သုံးသိန်း)၊ ဒဏ်ရာရသူ (၃)ဦးအတွက် ၁ဦးလျင် ၁၀၀၀၀၀ကျပ်(တစ်သိန်း)နှုန်း ပေါင်း- ၃၀၀၀၀၀ကျပ် (သုံးသိန်း)နှင့် ပလက်ဝလူမှုကူညီရေးအသင်းအတွက် အလှူငွေ – ၁၀၀၀၀၀ကျပ်(တစ်သိန်း) အသီးသီး တို့ကို ဝေဟင်အောင်ပရဟိတအဖွဲ့မှ လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

Share.

About Author

Leave A Reply

*

code