ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးအခြေအနေနှင့် လက်ရှိလုပ်ငန်း အကောင်အထည်ဖော်ဆောင်မှု အပေါ် ဘယ်လိုရှုမြင်သုံးသပ်ကြလဲ

0

By CL ထန်းငါ – 

ဝန်ကြီးဦးရွှေထီးအို

(ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန)

ကျွန်တော်တို့အစိုးရတက်ကတည်းက ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးရေးကို အဓိကထားပြီးလုပ်နေပါတယ်။ လမ်းမိုင်ပေါင်း ၅၀၉ မိုင်ရှည်လျားတဲ့ ပလက်ဝ-ကျီခါးလမ်းကို နွေမိုးဆောင်းသွားလုပ်ရအောင် စီမံကိန်းချပြီး ပြည်နယ်လွှတ်တော်ရဲ့ အဆုံးအဖြတ်နဲ့ ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ သဘောတူညီမှုဖြင့် လျာထားပြီးသားဖြစ်ပါတယ်။ အခုလုပ်ငန်းဆောင်ရွက်နေတုန်းလည်းဖြစ်တယ်။နောက်ပြီးတော့ လမ်းတံတား ပျက်စီးလွယ်တဲ့နေရာမှာ ကျောက်ချောခင်းတယ်၊ မြောင်းစနစ်တကျနဲ့ လုပ်တယ်။ တချို့နေရာမှာ Retaining Wall လုပ်မယ်၊ လမ်းသားတွေကို သာမန် ၃၄ ပေကနေ ၇၀ ပေအထိ လမ်းချဲ့ဖို့လည်းရှိတယ်။ ဒီဥစ္စာကို ဒုတိယ၀န်ကြီးကလည်း လမ်းညွှန်ပြီးသားဖြစ်ပါတယ်။ ပြီးတော့ ကလေး-ဖလမ်း-ဟားခါး လမ်းကို ၂၀၁၈ ခုနှစ် နွေရာသီလောက်မှာတော့ World Bank အကူညီနဲ့ ကတ္တရာခင်းဖို့ ရှိပါတယ်။ အခုလည်း ဒီလိုဖြစ်နိုင်ဖို့အတွက် လမ်းသားချဲ့တာတို့ မြောင်းဖောက်တာတို့ လုပ်နေတုန်းဖြစ်ပါတယ်။

စွန့်ပစ်မြေနဲ့ ပတ်သတ်ပြီး ဒီနှစ်ကနေစပြီး သယ်ပစ်စနစ် သုံးတော့မယ်။ မြေစာတွေ တစ်နေရာမှာမထားဘဲ သယ်ပြီးတော့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လမ်းပိုင်းကျွမ်းကျင်လူနဲ့ ညှိနှိုင်းပြီးတော့ ပစ်မယ့်နေရာသတ်မှတ်ထားမယ်။ အရင်တုန်းက ရတဲ့ငွေပေါ်မူတည်ပြီးတော့ ဥပမာ သိန်း ၁၀၀ ရတယ်ဆိုရင် သိန်း ၁၀၀ တန်အောင်ဆိုပြီး အဲဒီနေရာမှာပဲ ပစ်တယ်။ ၁၀ မိုင်လုပ်တဲ့နေရာမှာ ၁၀ မိုင်အပြည့်လုပ်လို့ရတယ်ဆိုတဲ့သဘောပါ။ ဆိုတော့ မြေစာက လေးတဲ့ခါကျတော့ စွဲသွားတယ်၊ အိသွားတယ်၊ ပြိုသွားတယ်။ အခုမှာတော့ ၁၀ မိုင်လုပ်မယ့်ဥစ္စာကို ၆ မိုင်ခွဲ ၇ မိုင်လောက်ပဲ လုပ်လို့ရမယ်။ ရန်ပုံငွေပေါ်မှာ မူတည်တယ်။ ရန်ပုံငွေက သိန်း ၁၀၀ က ၁၀ မိုင်လုပ်နိုင်တဲ့ဟာကို ၇ မိုင်လောက်ပဲ လုပ်လို့ရတယ်။ ဒီနှစ်ကနေစပြီး ဒီစနစ်ကို ပြောင်းသွားမယ်။ တင်ဒါခေါ်တဲ့ခါမှာ ဒီစနစ်နဲ့ စာချုပ်ချုပ်ဆိုတော့မယ်။ ချုပ်ပြီးတော့ အဲဒီတိုင်းလုပ်တော့မယ်။

တစ်ပြည်လုံးတိုင်းတာအနေနဲ့ မိုးရာသီနဲ့နွေရာသီမှာ ကားတင်ဆောင်နိုင်တဲ့ တန်သတ်မှတ်ထားတယ်။ ချင်းပြည်နယ်မှာလည်း ဒီနှစ်မှာ ကျင့်သုံးတယ်။ဒါပေမယ့် အဆင်မပြင်လှဘူး။ ဆိုလိုတာတော့ တီးတိန်-ရိခေါဒါရ် လမ်းမှာ အဆင်မပြင်ဘူး။ လမ်းလည်းမကောင်းဘူး။ ဥပမာ ၁၂ ဘီးဆိုရင် တန် ၃၀ ဖြစ်ရမယ်ဆိုတဲ့ဥစ္စာက မိုးရာသီမှာဆိုရင် ၂၅ တန်ဖြစ်ရမယ် ဆိုပြီး လုပ်တဲ့ခါကျတော့ အဆင်မပြင်လှဘူး။ ဘာလဲဆိုတော့ ၁၀ ဘီးမသွားဘူးဆိုတဲ့ခါကျတော့ ၁၀ ဘီးကို ၄ ဘီး ဖြုတ်ပြီးတော့ ၆ ဘီးနဲ့ သွားတယ်။ အခြားကားလည်း အဲဒီတိုင်းပဲ။ ဆိုတော့လမ်းက သက်တမ်းနုသေးတဲ့အခါကျတော့ မခံနိုင်ဘူးလေ။ ဒါ့အပြင် သူများတိုင်းနှင့်ပြည်နယ်မှာ ဆိုရင်တော့ မြေသားလမ်းက မရှိသလောက်ရှိတယ်။ ကျွန်တော်တို့ဆီမှာတော့ မြေလမ်းက ရှိသေးတဲ့အတွက်ကြောင့် ဘယ်လိုမှ မခံနိုင်ဘူး။ အဆင်ပြင်အောင်ဆိုရင်တော့ ကားဘီးနဲ့ သတ်မှတ်ပြီးတော့လုပ်ဖို့လိုမယ်လို့ ကျွန်တော်မြင်ပါတယ်။

ထူးခြားမှုတစ်ခုကတော့ shotcreate လို့ခေါ်တဲ့ မြေပြိုနိုင်တဲ့နေရာကို စက်ကိရိယာနဲ့ ဘိလပ်မြေနဲ့ ဖျော်ပြီးတော့ စက်နဲ့ဖျန်းပြီးလုပ်နေတဲ့ နည်းပညာတစ်ခုပေါ့။ ၂၀၁၅ ခုနှစ် မြေပြိုမှုကို အခြေခံပြီး ဂျပန်ပညာရှင်တွေက အဲဒီနည်းပညာနဲ့ ဖလမ်း-ဟားခါးလမ်းပေါ်ရှိ ပြိုတတ်တဲ့ တောင်နံရံမှာ လာလုပ်ပေးနေပါတယ်။ အဲဒီလို နိုင်ငံတကာရှိပညာရှင်များကလည်း ချင်းပြည်နယ်ကို ဂရုစိတ်ကြပါတယ်။ အံ့သြော်စရာကောင်းအောင် ဂရုစိတ်ကြပါတယ်။

နောက်လာမယ့် မိုးရာသီမှာတော့ ဒီလိုဒုက္ခမရောက်ရအောင် ကျောက်ချောလမ်းခင်မယ်၊ နောက်ပြီးတော့ မြောင်းစနစ်တကျလုပ်ပါမယ်၊ အဲဒါဆိုရင်တော့ လာမယ့်ကာလမှာတော့ ဒီနှစ်လိုဟာမျိုးမကြုံတော့ပါဘူး

ကျွန်တော်တို့ ဒီလမ်းကောင်းဖို့မကောင်းဖို့ဆိုတဲ့ဟာမျိုး ကတ္တရာလမ်း ခင်းဖို့မခင်းဖို့ဆိုတာက အဓိကအားဖြင့်တော့ ဘယ်လိုဘဲဆန္ဒရှိရှိ နိုင်ငံတော်ကနေ ချမှတ်ပေးတဲ့ ရန်ပုံငွေပေါ်မူတည်ပါတယ်။

ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထာပဲန်း

ချင်းပြည်နယ် လမ်းဦးစီးဌာန

နည်းပညာက ဘယ်လောက်ပဲမြင့်မြင့် မခန့်မှန်းနိုင်တဲ့အရာလေးတွေရှိတာပေါ့နော်။ ချင်းပြည်နယ်မှာ လမ်းတွေချဲ့တဲ့အခါကျတော့ မြေက သဘာဝရာသီဥတုကို open ဖြစ်သွားတာပေါ့။ နေပူရင်လည်း ပူတယ်၊ နေက တိုက်ရိုက်ထိတွေ့တယ်။ လေတိုက်ရင်လည်း တိုက်ရိုက်ထိတွေ့တယ်။ မိုးရွာရင်လည်း တိုက်ရိုက်ထိတွေ့တဲ့အခါကျတော့ ကျွန်တော်တို့က တည်ငြိမ်နိုင်တယ်လို့ခန့်မှန်းပေမယ့် အပူနဲ့အအေးနဲ့ ရေဒဏ်နဲ့ ထိတွေ့လာတဲ့အခါကျတော့ ကျွန်တော်တို့ ကြိုတင်မခန့်မှန်းနိုင်တဲ့အရာလေးတွေ ပေါ်လာတာပေါ့နော်။ဒါပေမယ့် နှစ်နှစ်သုံးနှစ်လောက် ကြာလာရင်တော့ မြက်ပင်လေးတွေပေါက်မယ်။ အပင်လေးတွေပေါက်မယ်ဆိုရင်တော့ သဘာဝက ဒီလေးကို ပြန်ပြီးတော့ ကာကွယ်ပေးမှာပေါ့နော်။

ကျွန်တော်တို့အနေနဲ့ အခုမှာ မြေပြိုနိုင်တဲ့နေရာမှာ Temporary အနေနဲ့ ကတ္တရာဗုံးခွံတွေ၊ ပင်နံအိတ်ခွံတွေ၊ ကွန်ကရစ်သေတ္တာလေးတွေ ထိန်းထားပြီးမှ ဒီဟာတွေနဲ့ မိုးတွင်းမှာပြိုနိုင်တဲ့နေရာလေးကို တတ်နိုင်သမျှ လျှော့ချအောင် ဆောင်ရွက်နေပါတယ်။ အခုနောက်ပိုင်းဆိုရင် ရေမြောင်းကိုလုပ်တဲ့ခါ ကျောက်စီရေမြောင်းနဲ့လုပ်တယ်။ ကမ်းပါးဆိုရင် ကျွန်တော်တို့ မြေအနေအထားကိုကြည့်ပြီး နှစ်ပေသုံးပေ ပေးတယ်။ အဲလိုပုံစံလည်းပဲ မိုးတွင်းမှာ တောင်ပြိုနိုင်တဲ့အလားအလာ ဖြစ်တန်စွမ်းကို လျှော့ချဖို့ရန် ကြိုးစားနေပါတယ်။

ချင်းပြည်နယ်မှာ တဖက်က လမ်းသာချဲ့ခြင်းလုပ်ငန်းဆောင်ရွက်တယ်။ တဖက်က မြေပြိုခြင်းကိုကာကွယ်သလို တဖက်ကလည်း ယာဉ်သွားလမ်းကို ချောမွေ့အောင်လုပ်ဖို့လိုတယ်ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ရန်ပုံငွေလည်း လိုအပ်သလောက်မရနိုင်တဲ့အတွက်ကြောင့် ဘယ်ဟာကို ဦးစားပေးလုပ်မလဲဆိုတာတော့ရှိမှာပေါ့လေ။ ချုပ်ပေးတော့ပြောမယ်ဆိုရင် လမ်းဦးစီးဌာနအနေနဲ့ ခုန မိုးတွင်းမှာ ကြုံတွေ့နေရတဲ့ သဘာဝဘေးဒဏ် အဓိကမိုးရေကြောင့် တောင်ပြိုလမ်းပိတ်ဆို့ခြင်း၊ လမ်းသားပဲ့ကျခြင်းတို့ နည်းသွားအောင် ကျွန်တော်တို့ တဖက်က ဆောင်ရွက်သလို တဖက်ကလည်း လမ်းသားကောင်းအောင် ကျွန်တော်တို့ ရရှိတဲ့ ရန်ပုံငွေပေါ်မူတည်ပြီးတော့ ဆောင်ရွက်နေပါတယ်။

တကယ်လို့ မိုးတွင်းမှာ လမ်းပြိုတယ်။ လမ်းပိတ်တယ်ဆိုရင်လည်း အမြန်ဆုံးပြန်ပွင့်အောင် ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ တခါတရံတော့ မိုးရွာနေတဲ့အချိန် တောင်ပြိုနေတဲ့အချိန်မှာဆိုရင် စက်အတွက်လည်းအန္တရာယ်ရှိတယ်။ စက်မောင်းတဲ့ စက်သမားတွေအတွက်လည်း အန္တရာယ်ရှိတယ်။ ညအချိန်မှောင်မဲနေတဲ့အချိန်မှာဆိုရင်လည်း အခုနအတိုင်း အန္တရာယ်ရှိတဲ့အခါကျတော့ တခါတရံ နှောင့်နင်းတဲ့ဟာလေးတွေတော့ရှိတယ်။ သို့သော်လည်းပဲ အများပြည်သူသွားလာမှု ပြတ်တောက်ခြင်းမရှိအောင် ကျွန်တော်တို့ ကြိုးစားပြီးဆောင်ရွက်နေပါတယ်။

ဦးဂင်ကမ်းလျန် (ZCD အတွင်းရေးမှူး)

(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တီးတိန်မြို့နယ်)

 လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့အတွက် နိုင်ငံတော်အစိုးကနေ နှစ်စဉ်ဘတ်ဂျတ်ချပေးပြီး လုပ်တော့လုပ်နေတာပါပဲ။ ဒါပေမယ့် နည်းစနစ်မကျဘူးလားလို့။ လမ်းချဲ့လိုက်တော့ လမ်းတွေအပေါ်ကပြိုကျ။ အောက်နိမ့်ကျတာတို့ဖြစ်တာလေ။ နိုင်ငံတော်ကလုပ်ပါတယ်။ လုပ်နိုင်သလောက်တော့လုပ်ပါတယ်။ ဒါပေမယ့် မြေသားမခိုင်မှုဟာ ကျွန်တော်တို့ရဲ့ အားနည်းချက်တစ်ခုတော့ဖြစ်လာတယ်လေ။ ကျွန်တော့ထင်မှာတော့ တစ်ခုရှိတယ်။ ပြည်နယ်အစိုးရအနေနဲ့ ၁၅ တန်ထက်ကို လုံးဝလက်မခံနဲ့။ ဘာလဲဆိုတော့ သေချာချိန်၊ ချိန်ပြီးတော့ ချ၊ တန်ဖူး မဆောင်ခိုင်းနဲ့။ ဒါပေမယ့် ဟိုပြီးခဲ့တဲ့အပတ်တုန်းက စုခင်းသာဘက်မှာ ပြန်တင်တာတို့ဘာတို့ တွေ့တယ်။ တန်ပိုတာတွေ တင်ခြင်းအားဖြင့် ကုန်ဈေးနှုန်းလည်းမကျဘူးလေ။ လမ်းပျက်စီးလိုက်တော့ လူထုအားလုံးနစ်နာတယ်။ အဲဒါ ချန့်ချိန်မယ်ဆိုရင် တန်ပိုကိစ္စတော့ ကြပ်မတ်ဖို့ တကယ်လိုတယ်။

 မြစ်ကူးတံတားတွေက ၁၃ တန်ပဲရေးထားတာ။ တင်တဲ့ကားတွေ ၁၀ ဘီး၊ ၁၂ ဘီးတွေက တန်၂၀-၃၀ လောက်တင်တာကို ဘယ်ခံနိုင်မလဲ၊ ပျက်မှာပေါ့လေ။ နောက်ပြီး ကုန်သည်ပိုင်းတွေ၊ ကားအိုနာပိုင်းမှာလည်း လူထုကို ညစ်ညာဖို့အရေးကြီးတယ်လေ။ သူတို့ကားသွားလို့ရရင် ပြီးရောဆိုတဲ့သဘောဖြစ်တယ်။ လူထုပိုင်းမှာလည်း နိုင်ငံတော်က ဘယ်လောက်ပဲလုပ်လုပ် ကိုယ့်လူထုဘက်မှာလည်း ပံ့ပိုးဖို့လိုတာကို။ တာဝန်ရှိတဲ့လူတွေက အရေးကြီးတာက နားလည်မှုမလုပ်ဘဲနဲ့ ပြတ်ပြတ်သားသား တန်ပိုတင် ဘယ်လောက် ချ။ နားမလည်ဘူး။ နှစ်ခါသုံးခါ မှားပြီးဆိုရင် ပြတ်သတ် အရေးယူလိုက်။ လိုင်စင်ကို သိမ်း။ ဒါမှလူတွေက ကြောက်မှာကို။

 အဓိကတော့ တန်ပိုချိန်တိကျဖို့အရေးကြီးတယ်။ နောက်ပြီး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ဖို့လိုတယ်။ လမ်းပျက်စီးမှုမှာ သဘာဝလည်းပါတယ်။ ကျွန်တော်တို့ဘက်အားနည်းချက်က ပြည်သူလူထုဘက်က ပံ့ပိုးမှု လုပ်ဆောင်ပေးမှု မရှိလို့ဆိုတာလည်း ပါတယ်လို့ ကျွန်တော်သုံးသပ်ပါတယ်။

Share.

About Author

Leave A Reply

*

code