ခိုင်ကမ်းမြို့အ၀င် မုဒ်ဦးတည်ဆောက်ရေးလုပ်ငန်း ခေတ္တရပ်ဆိုင်းထား

0

စစ်ကိုင်းတိုင်းဒေသကြီးနှင့် နယ်စပ်မြို့ဖြစ်သည့် ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့ နယ် ခိုင်ကမ်းမြို့အ၀င် ဆိုင်းဘုတ်(မုဒ်ဦး) တည်ဆောက်ရေးလုပ်ငန်းအပေါ် ကလေးမြို့အခြေစိုက် အထက်ချင်းတွင်းလူငယ်များကွန်ယက်မှ လာရောက်ပြောဆိုမှုများရှိနေသည့်အတွက် ခေတ္တရပ်ဆိုင်းထားသည်ဟု ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဒေါ်Huaipi ကပြောသည်။

“သူတို့ကတော့ ဒီနေရာက စကိုင်းတိုင်းလို့ပြောချင်တာပေါ့ တည့်မပြောပေမယ့် သူတို့ပြောတဲ့ပုံစံတော့ စစ်ကိုင်းတိုင်း နယ်မြေဖြစ်တယ်၊ အဲဒါကြောင့် လုပ်ငန်းဆောင်ရွက်မယ်ဆိုရင် စစ်ကိုင်းတိုင်းကို ခွင့်ပြုချက်တောင်းရမယ် အဲလိုမျိုး လာပြောသွားတယ်၊ ဒါကြောင့် ခုလောလောဆယ် လုပ်ငန်းကို ရပ်ဆိုင်ပြီးတော့ အထက်အကြီးကဲရဲ့ညွန်ကြားချက်ကို ကျမတို့စောင့်နေပါတယ်’’ ဟု ခိုနူမ်းသုန်ကိုပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ထိစပ်နေသည့် ချင်းပြည်နယ် ခိုင်ကမ်းမြို့တွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၂၀ ဖြင့် မြို့အ၀င် ဆိုင်းဘုတ်ဆောက်လုပ်ရန် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့် LANDNUPA ကုမ္ပဏီမှ ဒီဇင်ဘာလ ၁၃ ရက်နေ့က လုပ်ငန်းစတင်နေစဉ်တွင် အထက်ချင်းတွင်းလူငယ်များကွန်ယက်မှ လာရောက်ကန့်ကွက်မှုရှိသည်ဟု ယမန်နေ့က လူမှုကွန်ယက်စာမျက်နှာတွင် ထွက်ပေါ်လာခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အထက်ချင်းတွင်းလူငယ်များကွန်ယက်မှ ဦးကျော်သက်ဝင်းကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းတို့အနေဖြင့် မြို့အ၀င် ဆိုင်းဘုတ်စိုက်ထူးခြင်းကို ကန့်ကွက်ခြင်းမဟုတ်ကြောင်း ပြောဆိုပါသည်။

“ကျနော်တို့စိုးရိမ်တာက နေရာပြသာနာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်မှာဖြစ်နေတဲ့ ဘယ်နေရာက ပိုင်ဆိုင်တယ် ဘယ်နေရာက မပိုင်ဆိုင်ဘူးဆိုတဲ့ ကြားထဲမှာ နေရာပြသာနာတွေရှိတယ်ဗျာ၊ ပုံစံ (၇) မရတဲ့ဟာတွေပေါ့နော်၊ အဲဒါတွေ အတွက်ပဲစိုးရိမ်တယ် မုဒ်ဦးဆောက်ခြင်းမဆောက်ခြင်းသည် ကျနော်တို့ စိုးရိမ်စရာအကြောင်းမရှိဘူး၊ ကန့်ကွက်တယ် ဆိုတာလည်းမဟုတ်ပါဘူး၊ ကန့်ကွက်စရာလည်းအကြောင်းမရှိပါဘူး၊ မုဒ်ဦးက ကန့်ကွက်ရမယ့်ကိစ္စလည်းမဟုတ်ဘူးလေ၊ ဘာလို့ကန့်ကွက်ရမှာလဲ’’ ဟု ဦးကျော်သက်ဝင်းက ပြောသည်။

မုဒ်ဦးတည်ဆောက်မည့်နေရာသည် ကလေးမြို့ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ၁၂၄ ပေအကွာ၊ ခိုင်ကမ်းမြို့ ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ၁၂ ပေအကွာတွင် ချင်းပြည်နယ်ဘက်ခြမ်းတွင် ဆောက်လုပ်နေခြင်းဖြစ်သည်ဟု ခိုင်ကမ်းမြို့ (ပြန်/ဆက်) ထံမှသိရသည်။

“ ပြည်ထဲရေးဝန်ကြီးဌာနကနေ ထုတ်ပြန်တဲ့ပြန်တမ်းတွေပြန်ကြည့်တဲ့အချိန်မှာ အဲဒီမြေနေရာက ချင်းပြည်နယ်ထဲမှာပဲ ပါနေတယ်” ဟု ဒုဦးစီးမှူး ဒေါ် Huaipi ကပြောသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်တိုင်းဒေသကြီး နယ်နိမိတ်ကို ယခင်အစိုးရအနေဖြင့် တိတိကျကျသတ်မှထားမှုမရှိခြင်းနှင့် စိုက်ထူထားသော နယ်နိမိတ်ဘုတ်တိုင်များ စနစ်တကျ ထိန်းသိမ်းခြင်းမရှိသည့်အတွက် ဒေသခံပြည်သူများအကြား မြေယာပိုင်ဆိုင်မှုအငြင်းပွားမှုပြသာနာနှင့် ရင်ဆိုင်ကြရသည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code