အိန္ဒိယဘက်သို့ စစ်ဘေးရှောင်ပြည်သူတစ်ချို့ နေရပ်ပြန်သော်လည်း စားဝတ်နေရေးအတွက် အခက်ကြုံနေကြရ

0

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်( AA) အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူတစ်ချို့ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိလာကြသော်လည်း စားဝတ်နေရေးအတွက် အခက်ကြုံနေကြရသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြသည့် ပလက်ဝမြို့နယ် ရွှေလိုင်ပွီးအုပ်စု ဖွေလိုက်ဝ ကျေးရွာမှ ဒေသခံပြည်သူ ၂၃၆ ဦးကို ယခုလ ၂၅ ရက်နေ့က ပလက်ဝမြို့မှ ၎င်းတို့နေရပ် ဖွေလိုက်ဝကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည်ဟု ပလက်ဝမြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့မှ အတွင်းရေးမှူး(၂) ကိုကျော်အောင်ကပြောသည်။

စစ်ဘေးရှောင်ပြည်သူများသည် မိမိတို့နေရပ်သို့ ပြန်လည်ရောက်ရှိကြသော်လည်း စားဝတ်နေရေးအတွက် အခက်ကြုံနေကြရသည်ဟု ကိုကျော်အောင်ကပြောသည်။

“ စားဝတ်နေရေးတော့ အတော်လေးခက်နေကြတယ်၊ အိမ်သုံးပစ္စည်းတွေတောင်မှ အဆင်မပြေကြတော့ဘူး၊ ဆန်တွေပို့ပေးမယ်ဆိုရင်လည်း ကျနော်တို့ အတော်လေးအခက်အခဲတွေကြုံနေရတယ်၊ လမ်းကြောင်းကတော်တော်လေး ဝေးတဲ့အခါမှာ လေလမ်းကြောင်းတစ်ခုပဲရှိတယ် အဲဒီရေလမ်းကြောင်းတောင်မှ ပလက်ဝ ကနေ သူတို့ရွာအထိ ပို့မယ်ဆိုရင်တော့ ဆန်တစ်အိတ်ပို့ခတောင်မှ တစ်သောင်းကျော်ကျော်လောက်ရှိတယ် အဲလောက်ထိ ကုန်ကျစရိတ်ကများနေတယ်’’ ဟု ၎င်းကပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်မှ ဒေသခံ တစ်ထောင်ကျော်ခန့် မီဇိုရမ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ယခုအခါ တိုက်ပွဲများဖြစ်ပွားခြင်းမရှိတော့ဘဲ အခြေအနေတည်ငြိမ်လာသည့်အတွက် စစ်ဘေးရှောင်ပြည်သူတစ်ချို့ နေရပ်သို့ ပြန်လာကြခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒုက္ခသည်များထဲမှ ပလက်ဝမြို့နယ်သို့ စစ်ဘေးရှောင်ပြည်သူ မည်မျှပြန်လည်ရောက်ရှိသည်ကိုမူ စာရင်းအတိအကျမသိရသေးပေ။ စစ်ဘေးရှောင်းပြည်သူအများစုသည် ကိုယ်နီးကိုယ့် ဟန်ဖြင့် မိမိတို့နေရပ်ကျေးရွာသို့ ပြန်သွားကြသည့်အတွက် စာရင်းအတိအကျမသိနိုင်သေးကြောင်း ကိုကျော်အောင်ကပြောသည်။ Photos- Ko Kyaw Aung

Share.

About Author

Leave A Reply

*

code