ဆိမ်မျိုးနွယ်စု သူရဲကောင်းများ၏ ဗြိတိသျှ တော်လှန်ရေး နှစ် ၁၀၀ ပြည့် ကမ္ဗည်းမော်ကွန်းကျောက်တိုင် ဖလမ်းတွင်စိုက်ထူ

0

ချင်းမျိုးနွယ် ဆိမ်(Sim) မျိုးနွယ်စု မျိုးချစ်သူရဲကောင်းများမှ ဗြိတိသျှအစိုးရကို ဆန့်ကျင်တော်လှန်ခဲ့ကြသည့် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ကမ္ဗည်းမော်ကွန်း ကျောက်တိုင်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ဖလမ်းမြို့အ၀င်တွင် စိုက်ထူခဲ့ကြသည်။

ကမ္ဗည်းမော်ကွန်း ကျောက်တိုင်ကို တောင်ပတ်လမ်းဟုခေါ်သော ဖလမ်းမြို့အ၀င်တွင် စိုက်ထူခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၄ နာရီတွင် ဒေါ်လီဗီဆပ်နိုင်ထန်း(I Love Myanmar)၊ ဦးခွါနှင်(ဖလမ်းမြို့ ရပ်မိရပ်ဖ) နှင့် သိက္ခာတော်ရ ဒေါက်တာဟရန်မှုန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

ဒေါ်လီဗီဆပ်နိုင်ထန်းက “ကိုယ့်လူမျိုးကို ချစ်မြတ်နိုးလို့ ကိုယ့်ရဲ့နယ်မြေကိုတပါးသူက ကျွန်လာလုပ်တာကို ပထမဦးဆုံးတော်လှန်ရဲခဲ့တဲ့ သူရဲကောင်း စစ်သည်တွေကို ကျမတို့မျိုးဆက်သစ်မှာ မမေ့သင့်ဘူး အခုချိန်ထိလည်း မြန်မာအစိုးရကကော၊ ချင်းပြည်နယ်အစိုးရကကော သမိုင်းတွေကို ဘယ်သူ့ကိုယ်ဖြင့် ဂုဏ်ပြုသင့်တယ် ဘာမှစီစဉ်ဆောင်ရွက်ခြင်းလည်းမရှိတော့ ရပ်မိရပ်ဖတွေကပဲ စီစဉ်ဆောင်ရွက်တာ ဒီဟာကလည်း ကျမတို့ ဆိမ်မျိုးနွယ်စုတွေက စတင်ဆောင်ရွက်တာမဟုတ်ဘူး ဖလမ်းနယ်က ပညာရှင်တွေ၊ သမိုင်းသုတေသနတွေက ဒီဟာကို လုပ်သင့်တယ်ဆိုပြီး စတင်ဆောင်ရွက်တာပါ၊ ကျမကတော့ အလှူရှင်အဖြစ်နဲ့ ခွင့်ပြုချက်ရဖို့ အစစအရာရာမှာပါဝင်တာပါ” ဟု ပြောသည်။

ပထမကမ္ဘာစစ်ဖြစ်ပွားသည့်ကာလ ၁၉၁၇ ခုနှစ်က ပြင်သစ်စစ်မြေပြင်တွင် စစ်မှုထမ်းရန် ဗြိတိသျှအစိုးရသည် ချင်းတောင်တန်းဒေသတွင်အမိန့်ထုတ်ပြန်ခဲ့မှုကို ဆန့်ကျင်ပြီး ဖလမ်းနယ်မှ ဆိမ်မျိုးနွယ်စု မျိုးချစ်သူရဲကောင်း (၄၀၀) တို့သည် ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်ရန် အောက်တိုဘာလတွင် ခွာန်းလီမှ ချီတက်ခဲ့ကြသည်။

သို့သော် ကြိုတင်သတင်းရနှင့်ကြသော ဗြိတိသျှအစိုးရစစ်တပ်က ဖလမ်းမြို့အဝင် ကျင်မွာလ်ဖက်မှ အသင့်စောင့်တိုက်ခိုက်ခဲ့ကြသဖြင့် ထိုတော်လှန်ရေးမှာ မအောင်မြင်ပဲ အရေးနိမ့်ခဲ့ရပြီး ယင်းတော်လှန်မှုပြစ်ဒဏ်အဖြစ် တော်လှန်ရေးရဲဘော်များအား ၁ မိုင် ၂ ဖါလုံရှည်သော ကျင်မွာလ်တောင်ပတ်လမ်းပေါ်ကို ဖောက်လုပ်စေခဲ့သည်။ ထိုလမ်းကို Sim Ziin ဆိမ်ဇင် (ဆိမ်လမ်း) ဟု ခေါ်ခဲ့ကြသည်။

ယခုကဲ့သို့ ချင်းမြေနှင့် ချင်းလူမျိုးများကို ကာကွယ်ရန် မိမိအသက်ကို မငဲ့မကွက် ပြင်းထန်သောမျိုးချစ်စိတ်နှင့် ရဲစွမ်းသတ္တိအပြည့်ဖြင့် ဗြိတိသျှနေမဝင်အင်ပါယာကြီးအား ပထမဦးဆုံး တော်လှန်ခဲ့ကြသော ချင်းပြည်မှ ဆီမ်မျိုးနွယ်စု မျိုးချစ်သူရဲကောင်းများအား ဂုဏ်ပြုသည့် ဤနှစ်တစ်ရာပြည့် ကမ္ဗည်းမော်ကွန်းကို နောင်လာနောက်သားများ စံထားအတုယူ လက်ဆင့်ကမ်းနိုင်ပါရန်အလို့ငှာ ဂုဏ်ယူစွာစိုက်ထူအပ်ပါသည်ဟု နှစ်တစ်ရာပြည့် ကမ္ဗည်းမော်ကွန်းကျောက်တိုင်တွင် ရေးထွင်းဖော်ပြထားသည်။

Share.

About Author

Leave A Reply

*

code