ချင်းအမျိုးသားတပ်ဦးကို UNFC အဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံမည်

0

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်စဲခံထားရသည့် ချင်းအမျိုးသားတပ်ဦး(CNF) ကို အဖွဲ့ဝင်အဖြစ်ပြန်လည်လက်ခံသွားမည်ဟု ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်သော UNFC ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ မှ ၂၅ ရက်နေ့အထိ ကျင်းပသော UNFC ပုံမှန်ကောင်စီအစည်းအဝေးတွင် လက်ရှိကောင်စီအဖွဲ့ဝင်အဖွဲ့အစည်းများ ဆက်လက်တည်ရှိခြင်းအပြင် ယခင်စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ကြသော ကချင်အမျိုးသားအစည်းအရုံး(KNO)နှင့် အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်စဲထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) ကို လာမည့် ဇူလိုင်လတွင် ကျင်းပမည့် အရေးပေါ် ညီလာခံတွင် အဖွဲ့ဝင်အဖွဲ့အစည်းများအဖြစ် ပြန်လည်လက်ခံ သွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု ယင်းကြေညာချက်တွင်ဖော်ပြထားသည်။

UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းဇော်က “ CNF က UNFC မှာအဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုပါ၊ လွန်ခဲ့တဲ့ ၂၀၁၅ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာပေါ့ ဖြစ်ထွန်းလာ တဲ့နိုင်ငံရေးအခြေအနေအရ UNFC ရဲ့ လုပ်နည်းလုပ်ဟန်အရတော့ အဲဒီတုန်းက ရပ်စဲခဲ့ကြတယ်ပေါ့လေ၊ ခုနောက်ပိုင်း ပြီးခဲ့တဲ့ညီလာခံမှာ CNF ကို ပြန်လည်လက်ခံဖို့ သဘောထားကို ချထားတာရှိပါတယ်၊ အခုကောင်စီပုံမှန်အစည်းအဝေးမှာ ပြန်လည်သုံးသပ်ပြီးတော့မှ ဆုံးဖြတ်ချက်ကိုချမှတ်တာဖြစ်ပါတယ်” ဟု ပြောသည်။

ချင်းအမျိုးသားတပ်ဦး (CNF) သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် (PNLO) နှင့်အတူ UNFC မှ ချမှတ်ထားသော မူဝါဒသွေဖယ်သည်ဟုဆိုကာ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်စဲခံခဲ့ရခြင်းဖြစ်သည်။ CNF နှင့် PNLO သည် UNFC အဖွဲ့ဝင်ထဲမှ NCA စာချူပ်ကို အရင်ဦးဆုံး လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းဖြစ်သည်။

ယခုလက်ရှိ UNFC တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်အမျိုးသားကောင်စီ(ANC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ပါဝင်ပြီး CNF နှင့် KNO ကို ပြန်လည်လက်ခံလာပါက အဖွဲ့ဝင်အဖွဲ့အစည်း ၇ ဖွဲ့ဖြစ်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ UNFC အဖွဲ့ဝင်အဖွဲ့အစည်းများအနေဖြင့် NCA လမ်းကြောင်းမှတဆင့် အကောင်အထည်ဖော်ဆောင် သွားနိုင်ရန် အတူတကွကြိုးပမ်းသွားမည်ဟု ၎င်းတို့ကြေညာချက်တွင်ဖော်ပြထားသည်။

Share.

About Author

Leave A Reply

*

code