မီဇိုရမ်ရှိ စစ်ဘေးဒုက္ခသည်များတွင် ကျောင်းသား၊ ကျောင်းသူ ကလေး ရာကျော်ရှိ

0

မြန်မာ့တပ်မတော် နှင့် အေအေ တပ်မတော်တို့အကြား တိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ်ကို ထွက်ပြေးလာ ကြတဲ့ စစ်ဘေးရှောင်ပြည်သူများတွင် ပညာသင်အရွယ် ကျောင်းသား၊ ကျောင်းသူ ရာကျော်ရှိနေတယ်လို့ သိရသည်။

ယခုကို ပြည်ပကို စစ်ဘေးရှောင်ထွက်ပြေးလာကြတဲ့ ကျောင်းသားကျောင်းသူများကို ဆရာ၊ ဆရာမ များက စာမေးပွဲဖြေဆိုဖို့ ပြန်ခေါ်နေပေမယ့် လုံခြုံရေးအပြည့်အဝမရှိသေးသောကြောင့် ခုချိန်ထိ မပြန်ဘဲ Hmawngbuchhuah ကျေးရွာ ဒုက္ခသည်စခန်းမှာ နေနေရသေးခြင်းဖြစ်တယ်လို့ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးမောင်သန်းထွေးက ယခုလို ပြောပါတယ်။

“ကျနော့မှာ ကလေး ၄ ယောက်ရှိတယ်၊ ၇ တန်း ၈ တန်း အရွယ်တွေပေါ့၊ အခုတော့ ကျောင်းဆက်တက်လို့မရတော့ဘူး၊ စာမေးပွဲဖြေဆိုဖို့တော့ ဆရာ ဆရာမတွေက ပြန်ခေါ်ပါတယ် ဒါပေမယ့် ကျနော်တို့ မပြန်ရဲဘူး။”

သားသမီးတွေရဲ့ ပညာရေး ထိခိုက်မှာစိုးရိမ်နေရပေမယ့် လက်ရှိအခြေအနေမှာ ပြန်ဖို့ လုံးဝမဖြစ်နိုင်သေးကြောင်း တိုင်းပြည် ကောင်းတဲ့အခါမှ မိမိဒေသကိုပြန်ပြီး ကျောင်းပြန်ဆက်တက်လို့ရမည်ဖြစ်ကြောင်း ဆက်ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး စစ်ဘေးဒုက္ခသည်တာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးကျော်သဲကလည်း ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး ယခုလို သူ့သဘောထားကို ပြောပါတယ်။

“ပထမအနေနဲ့ ပညာရေး ဆုံးရှုံးတာပေါ့၊ ကလေးတွေက ပညာသင်တဲ့အရွယ်မှာ ပညာမသင်ရရင် အသက်သာကြီးသွားမယ် ပညာမတတ်တဲ့သူတွေဘဲ ဖြစ်သွားမယ်။ ကလေးတွေရဲ့ အနာဂတ်ဟာ မှောင်မိုက်နေတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး “ကျနော့မှာ သားတစ်ယောက်ကျန်ခဲ့တယ်၊ ထွက်ပြေးလာတဲ့ထဲမှာတော့ မပါဘူး၊ သူအခု တစ်ယောက်တည်း နေနေရတယ်၊ ဘယ်လိုနေတယ်၊ ဘယ်လိုစားတယ်၊ ဘာမှ မသိရဘူး။ သူ့မှာ အားကိုးစရာဘာတစ်ခုမှလည်း မရှိဘူး။ ကျောင်း စရိတ်က တစ်သိန်းခွဲပေးရတယ်” လို့ ဆက်ပြောပါတယ်။

ယခု စစ်ဘေးဒုက္ခသည်များနေထိုင်သည့် Hmawngbuchhuah ကျေးရွာတွင် စစ်ဘေးဒုက္ခသည်များမဟုတ်ဘဲ အရင်ကတည်းက ပြောင်းရွေ့နေထိုင်လာခဲ့သော ရခိုင်လူမျိုးများစွာရှိနေကြပြီး အဲဒီရွာမှာရှိနေထိုင်ကြသော ကလေးများ ပညာသင်ကြားနိုင်ရေး အတွက် အိန္ဒိယပြည်မ ဗုဒ္ဓကာရာရှိ ဆရာတော်များက လွန်ခဲ့သည့် ၅ နှစ်ကတည်းက ကျောင်းဆောင် ဆောက်လုပ်ပေးထား ခဲ့ကြောင်း ရပ်ကွက်လူကြီးဟောင်း ရခိုင်အမျိုးသား ဦးရွှေစိန်က ယခုလို ပြောပါတယ်။

“၅ နှစ်လောက်ရှိပြီ၊ ဗုဒ္ဓကာရာက ဆရာတော်တွေ လာဆောက်ပေးသွားတာပါ။ ဒုက္ခသည်တွေအတွက် မဟုတ်ဘူး။ ရွာသားတွေ အတွက်ဖြစ်တယ်။”

အဆိုပါကျောင်းတွင် ဆရာ၊ ဆရာမ နှစ်ဦး နှင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၆၀ ကျော်ရှိပြီး အဓိကအားဖြင့် မြန်မာစာ နှင့် အင်္ဂလိပ်စာကို သင်ကြားပေးကြောင်း သိရပြီး ၄င်းကျောင်းသည် လောင်တလိုင်မြို့နယ် Bungtlang အုပ်စု အသိမှတ်ပြုထားသော ကျောင်းဖြစ်သောကြောင့် ဒုက္ခသည်ကလေးများအနေဖြင့် ကျောင်းတက်ရန် အခက်အခဲရှိနေကြောင်း ယခုလို ဆက်ပြောပါတယ်။

“ကျောင်းသား ကျောင်းသူ ၁၆၀ ကျော်ရှိတယ်။ ဒုက္ခသည်ကလေးက ၁၀၀ ကျော်ရှိတော့ ကျောင်းကသေးတော့ မဆန့်ဘူးလေ။ ပြီးတော့ အဲဒီကျောင်းက Bungtlang အုပ်စု အသိအမှတ်ပြုဖြစ်နေတော့ ဒုက္ခသည်ကလေးတွေအနေနဲ့ ကျောင်းဝင်လက်မှတ် တွေမရှိကြတော့ အခက်အခဲရှိတာပေါ့။”

အဆိုပါကျောင်းသည် ၄ တန်းအရွယ်အထိရှိပြီး ဒုက္ခသည်ကလေးများအနေဖြင့် အဆိုပါကျောင်းတွင် ကျောင်းတက်နိုင်ဖို့ရန် Bungtlang OC ဦးဆောင်သူတွေ၊ ရဲအရာရှိတွေ အသိအမှတ်ပြုဖို့ လိုအပ်ကြောင်း၊ ကျောင်းအတွက် လိုအပ်တဲ့ ကျောင်းသုံး ပစ္စည်းကိရိယာများကို နှင့် ဆရာ၊ ဆရာမများ၏ လစာကို ဗုဒ္ဒကာရာရှိ ဆရာတော်က အကုန် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code