ချင်းပြည်နယ်အစိုးရ သိစေရန်

0

By – ဦးလာလ်မှိန်းမွန်နာ

အခုကျွန်တော် တင်ထားတဲ့လမ်းပုံဟာ မြို့ထဲ (ရိခေါ်ဒါရ်မြို့) ကနေ ရိရေကန်သွားတဲ့ လမ်းဖြစ်ပါတယ်။ မိုးတွင်းအချိန်ဆိုရင် မြင်တဲ့ အတိုင်း ရွှံ့တွေဗွက်တွေနဲ့ ကားအသေး/နိမ့် တွေတောင်သွားလို့မရ ဘူး။ ချင်းပြည်နယ်မှာရှိတဲ့ ရိခေါ်ဒါရ်မြို့ကလေးဟာ မြို့ကျဉ်း (သေး) သလောက် ဌာနဆိုင်ရာလူကြီးတွေ အများဆုံးလာကြတဲ့မြို့ ဖြစ်ပါ တယ်။ လူကြီးတွေလာတိုင်း လာတဲ့အကြောင်းပြချက် ကတော့ ရိရေကန် အဆင့်မြှင့်အောင်ပြင်ဖို့/ ရိရေကန် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက်ဖို့ဆိုပြီး အကြိမ်ပေါင်းမနည်းလာခဲ့ ကြကတယ်။ ဒေသခံ တွေကလည်း အကြိမ်းပေါင်းများစွာ ဆောင်ရွက်ပေးစေချင်တဲ့အရာတွေ တင်ပြသွားတယ် ဘာတစ်ခုမှ လာလုပ်ပေးတာတော့မရှိဘူး။ အခု လက်ရှိ အစိုးရသစ်မှာ သမ္မတ နှင့် ဒုသမ္မတ (၂) နှစ်ယောက်တောင် ဒီရိရေကန်ကို လာခဲ့ကြ တာ ပြည်သူတွေကတော့ သမ္မတအဆင့်ထိ လာတယ်ဆိုတော့ မျှော်လင့်ချက်ကြီးကြီးနဲ့ စောင့်နေတာ။ ရိရေကန်ကို အဆင့်မြှင့် အောင် ပြုပြင်ဖို့မပြောနဲ့ မြို့ထဲကနေ ရိရေကန်သွားတဲ့လမ်း (အခုတင်တဲ့လမ်း) ၂ ဖာလုံလောက်ပဲဝေးတဲ့ လမ်းတောင် ကတ္တရာ မခင်းပေးနိုင်ဘဲနဲ့ ရိရေကန်အတွက်ဆိုပြီး အကြောင်းပြချက်အမျိုးမျိုး တွေပြောပြီး လာကြတဲ့လူကြီးတွေ နောက်ဆို ခင်ဗျားတို့ အပန်းဖြေ သက်သက်လာချင်ရင် ရိရေကန်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီး ဘာတစ်ခုမှ အကြောင်းပြချက်တွေလာမပြောနဲ့ ကိုယ့်စရိတ်နဲ့ အေးအေးဆေးဆေး လာခဲ့ကြတော့ တည်းခိုခန်းတွေရှိတယ်။

ရှေးတုန်းက ကျွန်တော်တို့အဘိုးတွေ နတ်ကိုးကွယ်တုန်းက ဒီရိရေကန်ကို နတ်တွေကစောင့်လို့ ဝိညာဉ်သွားတဲ့ နေရာဟု သတ်မှတ်ပြီး ဘယ်သူမှမသွားရဲသောနေရာဖြစ်တယ်။ သူတို့က ယုံကြည်သူတွေဖြစ်လာပြီး ယေရှုနာမဖြင့် နတ်တွေကို နှင်ထုတ်ပြီး ရွာတည်ကာ ရိရေကန်ဘေးနားမှာရှိတဲ့ မြေပြန့်တွေကို လယ်လုပ် စပါးစိုက်ပြီး ဒီလိုနဲ့နေလာခဲ့ကြတာ။ အခုကျမှ အစိုးရက ဘာမှလုပ်ပေး တာမရှိဘဲ ငါးဖမ်းတာတွေ ခွင့်မပြုဘူး/ လယ်ပိုင်ရှင်တစ်ဦးက သူ့လယ်ထဲမှာရှိတဲ့ ရေနည်းနည်းလေးနဲ့ ငါးတွေမွေးတာ အဲဒါတောင် အစိုးရက ရိရေကန်မှရေကိုသုံးပြီး ငါးမွေးတယ်ဆိုပြီး ကွင်းဆင်းခိုင်း သေးတယ်။ အမျိုးမျိုးနဲ့ ဒေသခံတွေကို နှိပ်စက်တာ အခုဆိုရင် လှေတောင်စီးခွင့်မပြုတော့ဘူး ရေးချိုးတာကအစ တားမြစ်ချင်တော့ တာ ဒေသအတွက် အရင်လုပ်ပေးတာမရှိဘဲနဲ့ နှိပ်စက်ဖို့ပဲသိတယ်။ ဒါတင်မကဘူး ရေကန်ဘေးမှာရှိတဲ့ လယ်တွေတောင် အစိုးရက သိမ်းမည်တဲ့ (ဓါတ်ပုံမှာပါတယ်) စစ်အစိုးရခေတ်တုန်းက သိမ်းဆည်း ထားသောလယ်တွေတောင် အစိုးရသစ်မှာပြန်ပေးမည်ဆိုတဲ့စကားက ဘယ်မှာလဲ အခုကျတော့ ပြည်သူတွေပိုင်ပြီးသာ လယ်တောင် မလုပ်ခိုင်းတော့ဘူး အဲဒါလာ ပြည်သူ့အစိုးရ။ သူများနိုင်ငံနဲ့ မနှိုင်းနဲ့ သူများနိုင်ငံမှာဆိုရင် ပြည်သူတွေ စီးပွားရေးစားဝတ်နေရေးတွေ အဆင်ပြေအောင်လုပ်ပေးပြီးမှ တားမြစ်စရာရှိတာတွေ တားမြစ် တာ။ ပြောမည်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အင်းလေးကန်ရော အဲလိုလုပ်သလား ငါးဖမ်းတာတွေတားမြစ်သလား တားမြစ်တာ မပြောနဲ့ ငါးဖမ်း နေတဲ့ပုံတွေတောင် အစိုးရကထုတ်တဲ့ ပြက္ခဒိန်မှာတောင် ထည့်သေးတယ်မဟုတ်လာ။

အခု လာမည့် ဧပြီလမှာ ရိခေါ်ဒါရ်ရွာ စတင်တည်ထောင်တဲ့ ၇၆ နှစ်မြောက်အထိမ်းအမှတ်ပွဲနှင့် ကျောက်တိုင်စိုက်ဖို့စီစဉ်တာ လုပ်ထုံးလုပ်နည်းအတိုင်း အထက်အဆင့်ဆင့်မှာ တင်ပြတောင်းခံသွားတယ်။ ကဲလာပြီ ချင်းပြည်နယ်အစိုးရက ကျောက်တိုင် စိုက်မည့်နေရာကို လာကန့်ကွက်တယ် ကျောက်တိုင်စိုက်မည့်နေရာက ရိရေကန်သွားတဲ့ လမ်းဘေးမှာ ရိခေါ်ဒါရ်မြို့ လူငယ် အသင်းပိုင်တဲ့မြေနေရာမှာ စိုက်ဖို့ ဒီမြေနေရာဟာ လူငယ်တွေက မြေစာရင်းပုံစံ ၁၀၅/၁၀၆ ရှိပြီးသားပါ အဲဒါကိုခွင့်မပြုဘူး မြေနေရာက ၁၀၅/၁၀၆ ကအပိုင်မဟုတ်ဘူးတဲ့ မှန်တယ် ဒါဆိုရင် ဘာဖြစ်လို့ အိမ်ဆောက်ဖို့ စည်ပင်မှာခွင့်ပြုချက် တောင်းရင် ၁၀၅/၁၀၆ ရှိတဲ့သူကိုခွင့်ပြုသလဲ စည်ပင်တွေက မှားတာလာ ဒီလိုမြို့သေးလေးမှာ ဘယ်သူကမှ ဂရန်ကြီးမရှိဘူး ဒါပေမယ့် အိမ်ဆောက်ရင် စည်ပင်ကခွင့်ပြုတာပဲ။ ကျွန်တော်တို့ စိုက်မည့်ကျောက်တိုင်က နိုင်ငံရေးလည်းမပါ လူမျိုးရေးလည်းမပါဘူး အဲဒါကိုဘာဖြစ်လို့ ချင်းပြည်နယ်အစိုးရက ကန့်ကွက်တာလဲ။ ချင်းပြည်နယ်မှာ ချင်းတိုင်းရင်းသားက ဝန်ကြီးချုပ်လုပ်ပြီး ချင်းထုံးစံ အတိုင်း လုပ်ရမည့် ကျောက်တိုင်စိုက်ဖို့တောင် ခွင့်မပြုရင် ချင်းတိုင်းရင်းသားတွေအတွက် ဘယ်မှာအားကိုးတော့မလဲ။ တကယ်တမ်း ရိရေကန်ကို ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လုပ်ချင်တယ် ဆိုရင် ဒီကျောက်တိုင်က ရိရေကန်ကို လာနေကြတဲ့သူတိုင်း မြင်လို့ဖတ်လို့ရတဲ့နေရာမှာ စိုက်ရမှာ ဒီကျောက်စာမှာ ရိရေကန် သမိုင်းလေးနှင့် ရွာတည်ထောင်တဲ့သူတွေရဲ့ နာမည်ရေးမှာ ဘယ်သူမှ လည်းမနစ်နာဘူး အစိုးရအနေနဲ့လည်း ဘာနစ်နာစရာ ဘာကန့်ကွက် စရာရှိလို့လဲ ပိုတောင်အားပေးရမှာ။

တစ်ခုထပ်ရေးအုံးမယ် ကျွန်တော်တို့ ချင်းပြည်နယ်ဝန်ကြီးချုပ်က အိုင်ရီးဘွာလ်ရွာသားပါ သူကိုယ်တိုင်တောင် သူ့အဖေအမေ အမှတ်တရ ကျောက်တိုင်ကို သူတို့ရွာမှာ မစိုက်ချင်ဘဲနဲ့ လူသွားလာများတဲ့ ဖလမ်းလမ်း အိုင်ကောန်တောင်မှာ လာစိုက်တာပဲ သူလည်းသူတို့ရွာမှာဆိုရင် လူတွေသိပ်မြင်မှာမဟုတ်လို့ ကားလမ်းဘေးမှာ လာစိုက်တာပဲ။ ဖလမ်းမြို့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကျောက်တိုင်ရော ဒေသခံတွေစိတ်တိုင်းကျနေရာ မြို့လယ်ခေါင်မှာစိုက်တာပဲ ဘယ်သူက ကန့်ကွက်လို့လဲ။ ရိခေါ်ဒါရ်မြို့ဟာ နာမည်နဲ့တော့ မြို့ဖြစ်ပြီး မြို့ဖွံ့ဖြိုးရေးကျတော့မရှိဘူး တားမြစ်စရာတေည့ အကုန်တားမြစ်တယ် ကတ္တာရာလမ်းတောင် ကောင်းကောင်းမရှိတဲ့မြို့ထက် မြို့ကို ဖျက်သိမ်းပြီး ကျေးရွာအဆင့်နဲ့ နေတာပိုကောင်းတယ်။ ရေးထားတဲ့ စာမှာတော့ ချင်းပြည်နယ်ကို ကိုယ်စားပြုတဲ့ အသဲနှလုံးပုံ ရိရေကန်တဲ့။

တင်တဲ့သူရဲ့အကောင့်ကို အချိန်ကုန်ခံပြီးသွားမကြည့်နဲ့ အမှန်တရားအတွက် ဘယ်သူ့ကိုမှကြောက်စရာမလိုဘူး အဲဒါကြောင့် အကောင့်ဝင်စရာမလိုအောင် လိပ်စာအပြည့်အစုံရေးပေးမယ်။ အထူးသဖြင့် မီဒီယာသမားများ ရိရေကန်နဲ့ပတ်သက်ပြီး သတင်းမှန် သိချင်ရင် ဆက်သွယ်လို့ရတယ်။

Share.

About Author

Leave A Reply

*

code