ဒေါက်တာ ဇလှေထန်း၏ ရုပ်ကလပ် ကလေးမြို့သို့ ရောက်ရှိ

0

ချင်းဝါရင့်နိုင်ငံရေးသမား ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဒေါက်တာ ဇလှေထန်း၏ ရုပ်ကလပ်သည် ယနေ့ မေလ ၃ရက် ညတွင် ကလေးမြို့သို့ ရောက်ရှိလာပြီး Lairawn Baptist Association ခန်းမတွင် ရုပ်ကလပ်ကိုထားရှိပြီး ခရစ်ယာန် ထုံးတမ်းစဉ်လာအရ မိုးလင်းကြမည်ဟု သိရသည်။

မနက်ဖြန်မနက် ၇ နာရီခန့်တွင် ဒေါက်တာဇလှေထန်း၏ ရုပ်ကလပ်ကို ကလေးမြို့မှ ဖလမ်းသို့ သယ်ယူပြီး ဖလမ်းမြို့တွင် ခရစ်ယာန်ထုံးတမ်းစဉ်လာအရ သဂြိုလ်ကြမည်ဟုသိရသည်။

ဒေါက်တာ ဇလှေထန်းသည် ပြီးခဲ့သည့် မတ်လ ၁၇ ရက် နေ့လည် ၁ နာရီခန့်က အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ၊ Georgetown ဆေးရုံတွင် အဆုတ်ရောဂါဖြင့် ကွန်လွယ်ခဲ့ခြင်းဖြစ်သည်။

သူသည် တက္ကသိုလ်ကျောင်းသားဘ၀ ကတည်းက နိုင်ငံရေးတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး ဗိုလ်ချူပ်ကြီးနေ၀င်ဦးဆောင်သည့် တော်လှန်ရေးကောင်စီအစိုးရထံ ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ချင်းလူငယ်များအကြံပေးတင်ချက်တွင် ပါဝင်ခဲ့သည်အတွက် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသည်။

၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကိုယ်စားပြုအနေဖြင့် ဖလမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။ သို့သော်လည်း ထိုအချိန်က ဗိုလ်ချူပ်ကြီးစောမောင်မှ အနိုင်ရ နိုင်ငံရေးပါတီများထံ အာဏာလွှဲအပ်ခြင်းမရှိဘဲ လွတ်တော်ကိုယ်စားလှယ်များကို နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးလာသည့်အခါ ဒေါက်တာဇလှေထန်းသည်လည်း ပြည်ပနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဒေါက်တာဇလှေထန်းသည် ၂၀၁၁ ခုနှစ် ချင်းအမျိုးသားတပ်ဦး၏ အရေးပေါ်ညီလာခံတွင် ဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရပြီး CNF ဥက္ကဌ တာဝန်ကို သက်တမ်းတစ်ခုထမ်းဆောင်ပြီးနောက် ၂၀၁၆ ခုနှစ် CNF ဆဠမအကြိမ်ညီလာခံက ဖလမ်းမြို့နယ်ကိုယ်စားပြု ချင်းအမျိုးသားတပ်ဦး၏ အဓိပတိကောင်စီဝင်အဖြစ် ရွေးချယ်ခဲ့ကြသည်။

Share.

About Author

Leave A Reply

*

code