ချင်းပြည်နယ်အစိုးရအပေါ် မကျေနပ်၍ ရိခေါဒါရ်ပြည်သူလူထု ဆန္ဒဖော်ထုတ်မည်

0

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တည်ထောင်ခြင်း စိန်ရတုကမ္ဗည်းမော်ကွန်းကျောက်တိုင်စိုက်ထူခွင့်မပြုသည့် ကိစ္စအပါအ၀င် ရိခေါဒါရ်ပြည်သူလူထုအပေါ် ချင်းပြည်နယ်အစိုးရမှ နည်းအမျိုးမျိုးဖြင့် ကန့်သတ်ပိတ်ပင်မှူများကို မကျေနပ် ၍ လာမည့် မေလ ၅ ရက်နေ့တွင် ဒေသခံပြည်သူများက ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။

ရိခေါဒါရ်မြို့တည်ထောင်သည့် (၇၆) နှစ်ပြည့် (Diamond Jubilee) ပွဲတော်ကို ပြီးခဲ့သည့် ဧပြီလ ၄ ရက်နှင့် ၅ ရက်နေ့များက ရိခေါဒါရ်မြို့တွင်ကျင်းပခဲ့ကြပြီး ကမ္ဗည်းမော်ကွန်းကျောက်တိုင်ကို ပြည်သူလူထုမှရွေးချယ်ထားသော နေရာတွင် အစိုးရမှ စိုက်ထူခွင့်မပြုခဲ့သည့်အပြင် ရိရေကန်အခြေပြု ချင်းပြည်နယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် အကြောင်းပြကာ ဒေသခံပြည်သူ များ နှစ်ရှည်လများလုပ်ကိုင်လာကြသော ရိရေကန်အတွင်း ရေကူးခြင်း၊ ငါးဖမ်းခြင်း၊ ကန်အတွင်းအပျော်လှေစီးခြင်းတို့ခွင့်မပြုခြင်းနှင့် ရေကန်အနီး လယ်ယာမြေလုပ်ကိုင်ခွင့်ထားမြစ်ပိတ်ခြင်းတို့ ကြောင့် ယခုကဲ့သို့ ဆန္ဒပြရန် စီစဉ်ရခြင်းဖြစ်သည်ဟု ရိခေါဒါရ်မြို့ တည်ထောင်သူ ဦးဟရန်းမှုန်းအာ၏ မြေးဖြစ်သူ ဒေါ်လိုင်းထန်ဆန်းကပြောသည်။

“ကျွန်မတို့ဘိုးဘွားတွေက ဓားမဦးချ လုပ်ကိုင်လာတဲ့ ဒီလယ်ယာမြေတွေကို ကျွန်မတို့က ပြောင်းရွှေ့မပေးနိုင်ဘူး ကန်ထဲမှာ ငါးမျှားတယ် ရေကူးတယ် လယ်ယာလုပ်ကိုင်လို့ ဒီရေကန် ပျက်စီးမှုတွေရှိတယ်မရှိဘူးဆိုတာ ယနေ့အချိန်ထိ ပြည်သူတွေ ရွာသားတွေကအသိဆုံးဖြစ်မှာပေါ့ ဒါကြောင့် ဒီလိုပိတ်ပင်ခြင်းကိုတော့ ပြည်သူတွေ ရွာသားတွေအတွက်လုံးဝလက်ခံနိုင်မယ့် ကိစ္စမဟုတ်ဘူး’’ ဟု ဒေါ်လိုင်းထန်ဆန်းကပြောသည်။

၁၉၄၂ ခုနှစ် ဘိုးဘွားများမှ ကျေးရွာစတင်တည်ထောင်ခဲ့စဉ်ကတည်းက ဒေသခံပြည်သူများသည်အသက်မွေးဝမ်း ကျောင်းအတွက် ကန်အတွင်း ငါးဖမ်းခြင်း၊ ကန်နဘေးရှိ လယ်ယာမြေများတွင် လယ်ယာလုပ်ငန်းများလုပ်ကိုင်ခဲ့ကြပြီး နှစ်ပေါင်း (၇၀) ကျော်သည့်တိုင် ရိရေကန်ကြီး တိမ်ကောပျက်စီးမှုမရှိကြောင်း ၎င်းကဆက်ပြောသည်။

ဆန္ဒပြပွဲကို မေလ (၅) ရက်နေ့ နေ့လယ် (၁၂) နာရီတွင် ရိရေကန်စုရပ်မှ စတင်ချီတက်ကြမည်ဖြစ်ပြီး ဒေသခံပြည်သူ (၃၀၀) ခန့်ပါဝင်ကြမည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မည့်အစီစဉ်ထက် ပြည်နယ်အစိုးရနှင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်းသင့်သည်ဟု ပြောသည်။

“ တကယ့်တကယ်တော့ သူတို့ကျောက်တိုင်စိုက်မယ့်နေရာကို အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုလုပ်ရင် ခွင့်မပြုစရာအကြောင်းမရှိပါဘူး၊ ဒါတွေက ညှိနှိုင်းဆောင်ရွက်လို့ရတဲ့ကိစ္စတွေပဲလေ စနစ်တကျညှိနှိုင်းဖို့လိုပါတယ်၊ လမ်းပေါ်ဆန္ဒပြတာထက်စာရင် ညှိနှိုင်းဆောင်ရွက်တာက အကောင်းဆုံးနည်းလမ်းလို့ထင်တယ်” ဟု ၀န်ကြီးကပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် ရိရေကန် ရေရည်တည်တံ့ဖို့ ထိန်းသိမ်းသည့် လုပ်ငန်းဆောင်ရွက်နေသည့်အတွက် ကန်အတွင်း ငါးမျိုးစိတ်များ နည်းလာသည့်အတွက် ငါးဖမ်းခြင်းကိုပိတ်ပင်ရခြင်းဖြစ်ကြောင်း၊ ကန်အတွင်း လောင်စာဆီများ ကျမည်မကိုစိုးရိမ်ရသည့်အတွက် စက်လှေမောင်းခြင်းကိုတားမြစ်ခြင်းဖြစ်ကြောင်း ၀န်ကြီးကပြောဆိုသည်။

Share.

About Author

Leave A Reply

*

code