‘တန်းတူအခွင့်အရေးမရလို့ တိုင်းရင်းသားများ လက်နက်ကိုင်နေရခြင်းဖြစ်ကြောင်း’ ကလေးမြို့ တက်ကြွလှုပ်ရှားသူပြော

0

လူမျိုးပေါင်းစုံနေထိုင်သည့် မြန်မာနိုင်ငံမှာ တန်းတူအခွင့်အရေးမရှိသောကြောင့် ဒီကနေ့ တိုင်းရင်းသားဘက်က လက်နက်ကိုင် နေရခြင်းမှာ တန်းတူအခွင့်အရေးမရလို့ လက်နက်ကိုင်နေရခြင်းဖြစ်သည်ဟု ကလေးမြို့ တက်ကြွလှုပ်ရှားသူ ခင်ချိုဆက် က ပြောပါသည်။

ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့ နှင့် ကချင်ပြည်နယ်အတွင်း ပိတ်မိနေသည့် ပြည်သူများ အမြန်ဆုံးလွတ်မြှောက်ဖို့ ရည်ရွယ်ပြီး မေလ ၁၄ ရက်နေ့တွင် ကလေးမြို့ရှိ ချင်းပြည်သူလူထု ၁၀၀ ခန့် လမ်းမကြီးထွက်ဆန္ဒပြရာတွင် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျမတို့နိုင်ငံဟာ လူမျိုးတစ်မျိုးထဲနေတဲ့နိုင်ငံမဟုတ်ပါဘူး၊ လူမျိုးပေါင်းစုံနေထိုင်တဲ့ ကျမတို့နိုင်ငံမှာ တန်းတူအခွင့်အရေးရမှ ဖြစ်ပါတယ်။ ဒီကနေ့ တိုင်းရင်းသားဘက်က လက်နက်ကိုင်နေတယ်ဆိုတာက တန်းတူအခွင့်အရေးမရလို့ ကိုင်နေတာဖြစ်တယ်။”

ယခုနောက်ပိုင်းစစ်ပွဲများသည် တိုင်းရင်းသားများနှင့် မြန်မာ့တပ်မတော် ခေါင်းဆောင်များ၏ ခေါင်းမာမှုကြောင့် စစ်ပွဲတွေ မချုပ်ငြိမ်းနိုင်ခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်းစစ်ရှိသည့် ဘယ်နိုင်ငံမဆို စီးပွားရေးတည်ဆောက်လို့မရကြောင်း ဆက်ပြောပါသည်။

ယခုလို ဆန္ဒဖော်ထုတ်ရတဲ့ အဓိကအကြောင်းရင်းမှာ ကချင်ပြည်နယ်ရှိ ပိတ်မိစစ်ဘေးရှောင် ဒုက္ခသည်များ လွတ်မြှောက်ရေး အတွက်ဖြစ်သည်။ အဆိုပါ ဒုက္ခသည်များသည် အစာငတ်ပြတ်ပိတ်မိခံနေရသည့် အခြေအနေကို မခံစားနိုင်သောကြောင့် ယခုလို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟု ချင်းလူထုခေါင်းဆောင်တစ်ဦး ဦးအုပ်လျံက ပြောပါသည်။

“အဓိကအကြောင်းရင်းကတော့ စစ်ပွဲတွေရပ်ဆိုတဲ့နေရာမှာ ပါဝင်ပတ်သက်သူအားလုံးကို ရပ်စဲဖို့ တောင်းဆိုတာဖြစ်ပါတယ်။ ပါဝင်ပတ်သက်သူအားလုံးဟာ အချင်းချင်းမတိုက်ဘဲနဲ့ စားပွဲဝိုင်းမှာ ညှိုနိုင်းပြီးတော့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ရန် စစ်ပွဲရပ်ဆိုတဲ့ စာတန်းကို သုံးရခြင်းဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံဟာ ငြိမ်းချမ်းသာယာလို့ရှိရင် တခြားနိုင်ငံလိုဘဲ တိုးတက်ဖွံ့ဖြိုးလာမယ်၊” ဟု ဆိုပါသည်။

Share.

About Author

Leave A Reply

*

code