ချင်းပြည်နယ်နတလမှ တင်ဒါခေါ်ယူမှုသည် ဟန်ပြမျှသာ

0

ချင်းပြည်နယ်နတလမှ တင်ဒါခေါ်ယူမှုသည် ဟန်ပြမျှသာ
ခိုနူမ်းသုန် မေလ ၁၉၊ ၂၀၁၈။

ချင်းပြည်နယ် နယ်စပ်ဒေသ၊ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးအစီအစဉ် (နတလ) မှ တင်ဒါခေါ်ယူသည့်အမှတ်စဉ် (၈) ဒုတိယအကြိမ် တင်ဒါပြန်လည်ခေါ်ယူသည့် ဖလမ်းမြို့နယ် ဇောင်သဲအုပ်စု ငိုင်လန်ကျေးရွာရှိ နှစ်ခန်းတွဲဝန်ထမ်းအိမ်ယာ ဆောက်လုပ်မှုစီမံကိန်းအား တင်ဒါပိတ်ရက်မလွန်ခင် ၄င်းမြေနေရာတွင် ၀န်ထမ်းအိမ်ရာစီမံကိန်း စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း တင်ဒါလျှောက်လွှာဝယ်ယူသူဖြစ်သည့် အမည်မဖော်လိုသူတစ်ဦးထံမှ သိရသည်။

၎င်းဝန်ထမ်းအိမ်ရာဆောက်လုပ်မှုစီမံကိန်းအတွက် တင်ဒါလျှောက်လွှာပုံစံ အမှတ်စဉ် (၈) အရ တင်ဒါတင်သွင်းသည့်ပိတ်ရက်မှာ (၅-၅-၂၀၁၈) ရက်နေ့ ဖြစ်သော်လည်း နတလမှ တင်ဒါလျှောက်လွှာ ဒုတိယအကြိမ်ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် တင်ဒါပြန်လည်ခေါ်ယူသည့်အခါ ကုမ္ပဏီတစ်ခုမှ မေလ (၂၀) တွင်ပိတ်မည့် ၄င်း လျှောက်လွှာဝယ်ယူပြီး ကွင်းဆင်းလေ့လာသည့်အခါ ထိုမြေနေရာတွင် ၀န်ထမ်းအိမ်ရာစီမံကိန်းများ စတင်လုပ်ဆောင်နေသည်ကိုတွေ့ရှိရကြောင်း သိရသည်။

“အခုတင်ဒါတောင်မပိတ်သေးတဲ့ဟာကို သူတို့ဘယ်လိုရတာလဲ၊ ဘယ်လိုကြိုတင်လုပ်လို့ရတာလဲပေါ့ အဲဒီလိုမျိုးပေးထားတယ်ဆိုရင်မခေါ်နဲ့ပေါ့၊ အခုလည်း တင်ဒါခေါ်တယ် ကွင်းဆင်းတော့ မြေညှိပြီးသားတွေဖြစ်နေတယ်၊ အဲဒီလိုလုပ်ထားတော့ တင်ဒါခေါ်တာက ပွင့်လင်းမြင်သာမှုမရှိ အဓိပ္ပယ်မရှိ ဟန်ပြတင်ဒါလို့ပဲသတ်မှတ်တယ်” ဟု သူပြောသည်။

ဝန်ကြီးဌာနမှ တိုက်ရိုက် တင်ဒါရရှိခဲ့သည့် သတင်းထွက်ပေါ်နေမှုအပေါ် ခေါ်နူမ်းသုန်သတင်းဌာနမှ ထိုစီမံကိန်းမြေနေရာ၌ ဆောက်လုပ်ရေးလုပ်ဆောင်နေသော ဇောင်သဲမိသားစုကုမ္ပဏီမှ ဇောင်သဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးလားသင်ဟရဲ (U Lal Tin Hre) ကိုမေးမြန်းရာ “မဟုတ်ပါဘူး ကျွန်တော်တို့ Profile တွေ အကုန်လုံးအောင်မြင်တာပဲ” ဟုသူကပြောသည်။

ဇောင်သဲမိသားစုကုမ္ပဏီတို့သည် ၄င်းမြေနေရာတွင် JCB ဖြင့် မြေညှို့ခြင်း နှင့် သဲတွေလည်းစုဆောင်းထားခြင်း၊ အုတ်ဖုတ်လုပ်ခြင်းတို့အား စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်ဝန်ကြီးဌာနသို့ ဖုန်းဖြင့်တိုက်ရိုက်မေးမြန်းခဲ့သော်လည်း ဒုတိယသမ္မတခရီးစဉ်ကြောင့် ၀န်ကြီးများ၊ တာဝန်ရှိသူများ၊ ပြောရေးဆိုခွင့်ရှိသူများ မရှိ၍ အစိုးရဘက်မှမည်သည့် တုံ့ပြန်မှုမှမရရှိခဲ့ပါ။

Share.

About Author

Leave A Reply

*

code