ဟားခါး(GTI) ကျောင်းမြေနေရာတွင် တရားလွှတ်တော်ရုံးဆောက်လုပ်မည့်အစီစဉ်ကို ကျောင်းသားများကန့်ကွက်

0

ဟားခါးမြို့ နည်းပညာတက္ကသိုလ် (GTI) ၏ တိုးချဲ့ကျောင်းဆောင်များ ဆောက်လုပ်ရန် လျာထားသည့် မြေနေရာတွင် တရားလွှတ်တော်ရုံးတည်ဆောက်ရန် ချင်းပြည်နယ်အစိုးရမှ စီစဉ်နေသည့်အပေါ် ဟားခါး(GTI) ကျောင်းသားများသမဂ္ဂမှ ကန့်ကွက်လိုက်သည်။

တရားလွှတ်တော်ရုံးတည်ဆောက်ရန် အခြားမြေနေရာများစွာရှိနေပါလျက် တစ်ဧကပြင်မပြည့်သော (GTI) ကျောင်းရှေ့ ဥပစာမြေနေရာအား ချင်းပြည်နယ်အစိုးရမှ လာရောက်လုယူ မှုအပေါ် အပြင်းအထန်ရှုံချကန့်ကွက်သည်ဟု သြဂုတ်လ (၂၇) ရက်စွဲဖြင့် ထုတ်ပြန်သော ဟားခါး(GTI) ကျောင်းသားများသမဂ္ဂ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ဟားခါး(GTI) ကျောင်းသားဥက္ကဌ ကိုမာန်ဟရဲလျံက “ကျွန်တော်တို့လည်းချင်းကျောင်းသား တစ်ယောက်အနေနှင့် ချင်းပြည်နယ်မှာ ဒီလိုမျိုး အဆောက်အအုံအသစ်ကြီးတွေ ဆောက်မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် တကယ်ကို တော်တော်လေးကို ကျွန်တော်တို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ် ဒါပေမယ့် အခြားနေရာမှာ ဆောက်ပေးစေချင်တယ် ကျွန်တော်တို့ကတော့ ဒီမြေနေရာကိုတော့ ကျွန်တော်တို့ GTI ကိုပေးအပ်ပြီးတော့ အခြားနေရာမှာဆောက်ရင်တော့ သူတို့အတွက်လည်း အဆင်ပြေမယ်ထင်တယ် ကျွန်တော်တို့ အခုအငြင်းပွားနေတဲ့ မြေနေရာကလည်း ကျဉ်းကျဉ်းလေးဆိုတော့ ခန်းနားကြီးကျယ်တဲ့ အဆောက်အအုံကြီးအတွက်ဆိုတော့ သူတို့အတွက် သိပ်မလိုအပ်ဘူးထင်တယ်”ဟု ပြောသည်။

ယင်းမြေနေရာသည် ယခင် ချင်းပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးဟုန်းငိုင်းမှ နည်းပညာတက္ကသိုလ်ကျောင်းသားများ အတွက်ပေးအပ်ခဲ့သည့် မြေနေရာဖြစ်သည်ဟုသိရသည်။

ချင်းပြည်နယ်အစိုးရလုပ်ရပ်သည် ပညာရေးကိုမြေတောင်မြောက်ပေးရာမရောက်ဘဲ အညွှန့်တလူလူ တက်စပြုနေသော ချင်းကျောင်းသားများ၏ ဘ၀ရှေ့ရေးကို ချိုးနှိမ်ဖျက်စီးရာရောက်သည်ဟု ၎င်းတို့ကြေညာချက်တွင်ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က ဟာခါးမြို့တွင် မြို့တော်အဆင့်မှီ တရားလွှတ်တော်ဆောက်ရန် မြေနေရာက အနည်းငယ်လိုအပ်ချက်ရှိကြောင်း၊ ယင်းမြေနေရာကိုရရှိပါက နည်းပညာတက္ကသိုလ်အတွက် ဘာမှမဖြစ်လောက်ကြောင်း၊ ကျောင်းသားများအတွက် လိုအပ်သည့်အရာများကို အစိုးရဖွဲ့ကလည်းစီစဉ်ပေးလို့ရကြောင်း
“အမှန်ကတော့ တရားလွှတ်တော်ချုပ်ရုံးဆိုတာကလည်း အသစ်ဆက်ဆက် ဒီဇိုင်းအသစ်နှင့် တကယ့် အင်တာနီရှင်နယ် အဲလိုလေးဆောက်မှာ အဲဒါတွက်ကတော့ မဖြစ်မနေ တဆက်စပ်တည်း အဲဒီမြေနေရာလေးရလိုက်ရင်ကို ကျွန်တော်တို့ကအဆင်ပြေသွားမှာ အဲဒါကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ကတော့ အစိုးအဖွဲ့ရုံးလည်းရှိပြီ လွှတ်တော်အဖွဲ့ရုံးလည်းရှိပြီ တရားရုံးဆိုတာ ကျွန်တော်တို့ မဏ္ဍိုင်ကြီးတစ်ခုအတွက်ကို တကယ့်ကိုအရေးကြီးတဲ့ အဆောက်အဦးဖြစ်တဲ့အတွက် ဒါလေးကို သူတို့ဆရာတွေကိုလည်း ၀န်းကြီးချုပ်ကလည်း request (တောင်းခံခြင်း) လုပ်ထားပါ သူတို့အတွက်လည်း ဒီဟာတွေပေးလိုက်လို့ ဘာမှတော့မဖြစ်ပါဘူး ပေက လမ်းပေါ်ကနေ မျက်နှာဝက ပေ ၄၀ အနောက် ပေ ၂၀၀ ပဲ အဲဒါရလိုက်ရင်တော့ တရားရုံးချုပ်ရဲ့ အဆောက်အဦးကလည်း စနစ်တကျနှင့် အဆင့်မှီတည်ဆောက်နိုင်မှာဖြစ်တယ်”ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။

ဟားခါး(GTI) ကျောင်းသားများသမဂ္ဂ၏ ကြေညာချက်တွင် ယခုအငြင်းပွားရာမြေနေရာ၌ တရားလွှတ်တော်ရုံး ဆောက်လုပ်ရန် အုတ်တစ်ချပ်၊ သဲတစ်ပွင့်၊ သံမှိုတစ်ချောင်းမျှလာရောက်ချထားခြင်းမပြုရန်နှင့် ရှေ့ဆက်တိုးဆောင်ရွက်ရန် ဆံချည်မျှင်တစ်မျှင်စာမျှပင် စိတ်ကူးခြင်းမပြုရန် နောက်ဆုံးအကြိမ် ပြင်းထန်စွာ သတိပေးလိုက်သည်ဟု ဖော်ပြထားပါသည်။

Share.

About Author

Leave A Reply

*

code