ဆောမြို့တွင် ခရစ်ယာန်ဘာသာဝင်ရုပ်အလောင်း မြို့တွင်းနှင့်တံတားဖြတ်ကျော်ရန် ဒေသခံအာဏာပိုင်က တားမြစ်ဟုဆို

0

မကွေးတိုင်းဒေသကြီး ဆောမြို့တွင် ခရစ်ယာန်ဘာသာဝင်တဦးသေဆုံးခဲ့ရာ မြေသဂြိုလ်ရန် သင်္ချိုင်းကုန်းပို့ဆောင်ရာတွင် မြို့တွင်းနှင့် တံတားများဖြတ်ကျော်ရန် ဒေသခံအာဏာပိုင်များက ပိတ်ပင်တားမြစ်ခဲ့သည့်အတွက် ဆောချောင်းရေကိုဖြတ်သန်းကာ မြေသဂြိုလ်ခဲ့ရသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံမှသိရသည်။

ဆောမြို့ သီရိရပ်ကွက်တွင်သြဂုတ်လ ၂၉ ရက်နေ့က သေဆုံးခဲ့ရသော ချင်းအမျိုးသားတဦးရဲ့ အလောင်းကို မြေသဂြိုလ်ရန် တဖက်ကမ်းရှိ မြို့မသင်္ချိုင်းကုန်းသို့ သယ်ဆောင်စဉ် တံတားများဖြတ်ကျော်ရန် သီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီညွန့်က တားမြစ်ပိတ်ပင်ခဲ့သည့်အတွက် ရုပ်အလောင်းကို ထမ်းပြီး ချောင်းရေကို ဖြတ်ကျော်ပြီး သင်္ချူင်းကုန်းသို့ မြေသဂြိုလ်ခဲ့ရသည်ဟု သိရသည်။

“အလောင်းသဂြိုလ်ရန်အတွက် ပထမရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ ထောက်ခံချက်ယူရတယ်၊ ပြီးတော့ ဆေးရုံကိုသွားယူရတယ် နောက်ဆုံး စည်ပင်ထံထောက်ခံချက်ယူရတယ်၊ ဒီလိုနဲ့ဘဲအစမှာတော့ ရပ်ကွက်က ထောက်ခံချက်ပေးပြီနောက် ဆေးရုံကလည်း ထောက်ခံ ချက်ပေးပြီးပြီ၊ စည်ပင်ကိုသွားတဲ့အခါ ကျတော့ ရပ်ကွက်တွေနဲ့စည်ပင်တွေဘယ်လို ညှိကြသလဲမသိဘူး. မီးနဲ့ဘဲသဂြိုလ်ရမယ်ပေါ့နော် မီးနဲ့သဂြိုလ်လို့ရှိယင် အစစအရာ ရာကျနော်တို့ကူညီမယ်၊ မြေနဲ့သဂြိုလ်ဖို့ဆို ဒီဖက်ကမ်းမှာမြေလွတ်မရှိတော့ဘူး ဟိုဖက်ကမ်းမှာ တော့ရတယ် ဒါပေမဲ့ မြို့ထဲမှာလူအုပ်ကြီးနဲ့အလောင်းသယ်တာရယ်၊ တံတားဖြတ်ကျော်တာရယ် ဗုဒ္ဓအယူအဆ နဲ့ဆန့်ကျင်တဲ့အတွက် တခြားရတဲ့လမ်းကြောင်း ကနေသယ်သွားကြပါလို့ပြောကြတယ်၊ ဒီတော့ကျနော် တို့လည်း ထွေအုပ်ဆီကိုသွားတောင်း တော့ ထွေအုပ်ကလည်း ဒေသခံပြည်သူတွေဆန္ဒအတိုင်းသာ လုပ်ကြပါ၊ တကယ်လို့ကျနော် က ခွင့်ပြုပြီးနောက်မှာပြသာနာဖြစ်ယင် ကျနော်အတွက်မကောင်းဘူးဟု ပြောဆိုပြန်တဲ့ အတွက် မရတဲ့အဆုံး ဆောချောင်းကိုခက်ခက်ခဲခဲ ကူးဖြတ်ပြီး အလောင်းကို မြို့မ သင်္ချိုင်း ကုန်းမှာ သွားပြီး မြေသဂြိုလ်ခဲ့ကြတယ်၊ ဟိုဖက်ညှိလိုက်ဒီဖက်ညှိလိုက်နဲ့ အလောင်းကိုမွဲလွဲ ၂-နာရီချဖို့စီစဉ်တာကို ညနေ ၅-နာရီနောက်ပိုင်းမှာဘဲ အလောင်းချဖြစ်ခဲ့ကြတယ်” ဟု အလောင်းသဂြိုလ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးကပြောသည်။

သီရိရပ်ကွက်တွင် သင်္ချိုင်းကုန်းတခုသော်လည်း မြေနေရာအလွတ်မရှိတော့သည့်အတွက် မြေမြှပ်သဂြိုလ်ခွင့်မပြုတော့ဘဲ မီးသဂြိုလ်စက်ကိုသာ အသုံးပြုနေရသည့်အတွက် ချောင်းတဖက်ကမ်းတွင် တည်ရှိသော သင်္ချိုင်းကုန်းတွင် မြေမြှပ်သဂြိုလ်ရန် သယ်ယူ ပို့ဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြော သည်။

မြို့တွင်းမှ တစ်မိုင်လောက်သာသွားရမည့်ခရီးကို ရေကြောင်းအလိုက် ချောင်းဖြတ်ပြီး သွားရသည့်အပြင် လမ်းမရှိသည့် တောကိုလဲတိုနေရသည့်အတွက် နှစ်မိုင်ကျော်ခန့် သွားခဲ့ရသည်ဟု သိရသည်။

ဆောမြို့တွင် ချင်းလူမျိုး အိမ်ခြေပေါင်း(၄၈၀)ကျော်ရှိသည့်အနက် ခရစ်ယာန်ဘာသာဝင် အိမ်ခြေ(၆၀)ကျော် ရှိပြီး လူဦးရေအားဖြင့်(၂၅၀)၀န်းကျင်လောက်ရှိသည်ဟု သိရသည်။

 

Share.

About Author

Leave A Reply

*

code