မြန်မာနိုင်ငံကိုတင်ပို့မည့် နိုင်ငံခြားထုတ်ဆေးဝါးများစွာ ချင်းအမျိုးသားတစ်ဦးထံမှ ဖမ်းဆီး

0

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးနယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံကိုတင်ပို့မည်ဟုယူဆရသော အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဆေးဝါးများစွာနဲ့အတူ ချင်းအမျိုးသားတစ်ဦးကို စက်တင်ဘာ (၂၁) ရက်နေ့က နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

နိုင်ငံခြားထုတ်ဆေးဝါးများသယ်ဆောင်လာပြီး ဆေးဝါးပိုင်ရှင်ဟုယူဆရသော ချင်းအမျိုးသားတစ်ဦးမှာ ဖလမ်းမြို့နယ်၊ ရမ်ထလို ကျေးရွာတွင်နေထိုင်သူ အသက် (၃၀) အရွယ် ဒေးဗစ်ထန်း အား ဖမ်းဆီးခဲ့ပြီး (ပ) ၈/၂၀၁၈ ပို့/သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။

ဆေးဝါးများစွာ သယ်ဆောင်လာသူ ဒေးဗစ်ထန်း က အဆိုပါဆေးဝါးများကို အဖြူရောင်ပီနံအိတ်တွင်ထည့်ပြီး သယ်ဆောင်လာခြင်းဖြစ်၍ မသင်္ကာမှုဖြင့် နယ်စပ်ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးခဲ့ရာ ကျပ်ငွေ (၃၃၈၀၅၀) တန်ဖိုးရှိ နိုင်ငံခြားထုတ်ဆေးဝါးများအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယခုလို ဖမ်းဆီးခဲ့သော နိုင်ငံခြားဆေးဝါးအမျိုးအစားများမှာ (Cyprimed) စာသားပါ အိန္ဒိယနိုင်ငံထုတ် အားဆေးဗူး (၁၅) ဗူး၊ Pydina-s စာတမ်းပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် အစာအိမ် အားတိုးဆေး (၁၂) ဗူးစီပါ (၃) ဖာ၊ Pudina-s စာတမ်းပါ အစာအိမ်အားတိုးဆေး (၁၁) ဗူးပါ (၁) ဖာ တို့ဖြစ်ကြောင်း ထပ်မံဖော်ပြသည်။

Share.

About Author

Leave A Reply

*

code