အကြိတ်အနယ်ဖြစ်မည့် မီဇိုရမ်ရွေးကောက်ပွဲ နိုဝင်ဘာ (၂၈) ရက်တွင် ကျင်းပမည်

0

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊ မီဇိုရမ်ပြည်နယ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကော်မရှင် Election Commission of India (ECI) မှ တရာဝင်ကြေညာခဲ့သည်။

ယခုနှစ် မီဇိုရမ်ပြည်နယ်ရွေးကောက်ပွဲသည် ယခင်နှစ်များထက် လူထုစိတ်ဝင်စားမှု ပိုမိုမြင့်တက်နေပြီး အထူးသဖြင့် လက်ရှိအစိုးရ ကွန်ကရက်ပါတီနှင့် အင်အားကြီးအတိုက်အခံ Mizo National Front (MNF) ပါတီ အကြိတ်အနယ် ယှဉ်ပြိုင်ကြမည်ဟု ယူဆရသည်။

မကြာသေးခင်ရက်ပိုင်းက မီဇိုရမ်အစိုးရ ကွန်ကရက်ပါတီ၏ ဒု-ဥက္ကဌလည်းဖြစ် ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သူ Pu R. Lalzirlina နှင့် လွတ်တော်ကိုယ်စားလှယ် Pu Lalrinliana Sailo တို့သည် ၎င်းတို့ရာထူးနှင့် ပါတီမှ အသီးသီးနှုတ်ထွက်ပြီး MNF ပါတီသို့ ကူးပြောင်းခဲ့မှုသည် မီဇိုရမ်ရွေးကောက်ပွဲ အခင်းအကျင်းကို အရှိန်အဟုန်မြင့်စေခဲ့သည်။

တဖက်တွင်လည်း လူကြိုက်များသည့် ၀ါရင့်နိုင်ငံရေးသမား Pu Lalduhawma ဦးဆောင်သည့် ပညာတတ်အသိုင်းအ၀ိုင်းနှင့် အဖွဲ့အစည်း (၇) ဖွဲ့ဖြင့် စုဖွဲ့ထားသည့် Zoram People’s Movement (ZPM) သည်လည်း ကွန်ကရက်နှင့် MNF ပါတီအတွက် လျှော့တွက်၍မရသည့် ပါတီတစ်ခုဖြစ်လာသည်။

မဲဆန္ဒနယ်မြေ (၄၀) နေရာရှိသည့် မီဇိုရမ်ပြည်နယ်တွင် ယခင်နှစ်များကဲ့သို့ ပါတီတစ်ခုတည်းအနေဖြင့် အပြတ်အ သတ်အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်သည့် အခြေအနေရရှိရန် လွယ်ကူမည်မဟုတ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်နေကြသည်။

မီဇိုရမ်တစ်ပြည်နယ်လုံးတွင် မဲပေးနိုင်သူဦးရေ (၇၆၈၁၈၁) ခုနှစ်သိန်းကျော်ရှိပြီး၊ မဲဆန္ဒနယ် (၄၀) တွင် မဲရုံ (၁၁၆၄) ရုံ ထားရှိသွားမည်ဟု သိရသည်။ ယင်းအနက် မဲရုံ (၁၂၅) ရုံ၏ မဲပေးမှုအခြေအနေကို တီဗီတွင် တိုက်ရိုက် (Live) ထုတ်လွင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ရွေးကောက်ပွဲတွင် Mizoram Paradise Congress Committee (MPCC), Mizo National Front (MNF), Zoram People’s Movement(ZPM), Bharatiya Janata Party (BJP), Peoples’ Representation for Identity and statue of Mizoram (PRISM) ပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code